မြိတ်တွင် လျှပ်စစ်ဝါယာကြိုး မကြာခဏဖြုတ်ခိုးခံရ

0
301

မြိတ်မြို့တွင် လျှပ်စစ်ဝါယာကြိုးဖြုတ်ခိုးမှု မကြာခဏဖြစ်နေကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။

လျှပ်စစ်ဓါတ်အား ထုတ်လွှတ်နေသည့် အဓိကကြိုးကြီးမှ နေအိမ်များသို့ သွယ်တန်းထားသည့် ကြိုများ မကြာခဏ အခိုးခံနေရကြောင်း မြို့ခံများက ပြောသည်။

ယင်းသို့ အခိုးခံနေရသည်မှာ လေးလဝန်းကျင်ရှိပြီဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

“နေ့ခင်းကြောင်တောင် အခိုးခံရတာရှိတယ်” ဟု မြို့ခံအမျိုးသမီးတဦးက ပြောသည်။

သူခိုးများသည် လူမရှိသည့်နေအိမ်နှင့် အိမ်သားများ အပြင်သွားသဖြင့် ခေတ္တခဏ ပိတ်ထားသည့် နေအိမ်များကို အဓိက ပစ်မှတ်ထားကာ ခိုးယူနေကြသည်ဟုလည်း မြို့ခံများက ဆိုသည်။

“အိမ်ပိတ်ပြီး အလှူအိမ်ခဏသွားတယ်။ ပြန်လာပြီး မီးဖွင့်တော့မှ ဖြုတ်ခိုးခံရမှန်း သိလိုက်တယ်” ဟု မြိတ်တက္ကသိုလ် အနီးတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

မြိတ်မြို့တွင် ရပ်ကွက်ပေါင်း ၂၀ ကျော်ရှိသည့်အနက် ကောလိပ်ရပ်ကွက်သည် အခိုးခံရဆုံး ရပ်ကွက်ဖြစ်ကြောင်း
လျှပ်စစ်မီးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူအသိုင်းအဝိုင်းထံမှ သိရသည်။

၎င်းတို့၏ ပြောဆိုချက်အရ ယင်းရပ်ကွက်အတွင်း တစ်လလျှင် နေအိမ် ၁၀ ကျော် ဝိုင်ယာကြိုးများ အခိုးခံနေရသဖြင့် ပြန်လည်တပ်ဆင်ပေးရကြောင်း သိရသည်။

တက္ကသိုလ်ရပ်ကွက်ဟုလည်း ခေါ်သည့် ကောလိပ်ရပ်ကွက်သည် ကလွင်နယ်မြေတွင်တည်ရှိပြီး ဆိတ်ငြိမ်ရပ်ကွက် ဖြစ်ကြောင်း ရပ်ကွက်အတွင်းမှ သိရသည်။

ယင်းရပ်ကွက်အတွင်း လျှပ်စစ်ဝါယာကြိုးများနှင့် လျှပ်စစ်ပစ္စည်းများကို လူအုပ်စုလိုက် လာရောက်ခိုးယူလည်း ရှိနေ ကြောင်း ယင်းရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။ ၎င်းနေအိမ်သည်ပင် လျှပ်စစ်ပစ္စည်းများ အခိုးခံထားရဖူး သည်ဟု ဆိုသည်။

“ကျွန်တော်တို့ရပ်ကွက်က တစ်အိမ်ဖြစ်နေရင် တစ်ခြားတစ်အိမ်က ဝင်မပြောကြဘူး။ ခိုးခံရတာပဲ။ အတိုင်အတန်းလည်း အခြေအနေအရ မလုပ်ရဲကြဘူး” ဟု ၎င်းက ပြောဆိုသည်။

ရဲတိုင်လျှင် သူခိုးက ရန်လာပြုမည်ကို စိုးရိမ်သဖြင့် မတိုင်ဖြစ်ခြင်း ဖြစ်ကြောင်း အထက်ပါအမျိုးသားက ဆိုသည်။

ကုန်ဈေးနှုန်းများ ဈေးတက်လာခြင်း၊ အလုပ်အကိုင် ရှားပါးကာ ကျပ်တည်းလာခြင်းကြောင့် ခိုးယူခြင်းဖြစ်နိုင်ပြီး မူးယစ်ဆေးဝါး သုံးစွဲသူများ ခိုးယူခြင်းလည်း ဖြစ်နိုင်ကြောင်း မြို့ခံပြည်သူအချို့က ပြောဆိုကြသည်။

အခိုးခံရသည့် ဝါယာကြိုးအား အစားထိုးပြန်လည်တပ်ဆင်လျှင် လက်ခအပါအဝင် ကျပ်ငါးသောင်းမှ တစ်သိန်း ကျော်အထိ ကုန်ကျကြောင်း အခိုးခံရသည့် နေအိမ်အချို့ထံမှ သိရသည်။