ရေအခက်အခဲဖြစ်လျှင် အကူအညီတောင်းခံနိုင်သည်ဟု ဇမ္ဗူသီရိအဖွဲ့ပြော

0
173

ထားဝယ်ခရိုင်အတွင်း နွေရာသီ သောက်သုံးရေပြတ်လပ်လျှင် ဇမ္ဗူသီရိ အ‌ရေးပေါ်လူနာကူညီ သယ်ဆောင်ရေးအဖွဲ့ထံသို့ အကူအညီတောင်းခံနိုင်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာအချို့မှာ မတ်လကနေ မေလအထိ သောက်သုံးရေရှားပါးမှု နှစ်တိုင်းနီးပါး လိုလိုကြုံတွေ့နေရသည်။

ယင်းအတွက်ကြောင့် ထားဝယ်မြို့၏ အနီးဝန်းကျင် ကျေးရွာများတွင် သောက်သုံးရေပြတ်လပ်လျှင် လိုက်လံကူညီပေးမည်ဖြစ်ကြောင်း ယင်းအဖွဲ့၏ဥက္ကဋ္ဌဖြစ်သူ ဦးနိုင်မျိုးသွင်က ပြောသည်။

“နှစ်တိုင်းက သင်္ကြန်မတိုင်ခင်နဲ့ သင်္ကြန်ပြီးစ ကာလတွေမှာ သောက်သုံးရေ အကူအညီတောင်းခံ လာတာမျိုးရှိတယ်။ နှစ်တိုင်းလိုလို သောက်သုံးရေ လိုက်လှူပေးရတယ်” ဟု ၎င်းက ဆိုသည်။

ဒေသအတွင်းနှစ်စဉ်သောက်သုံးရေ အခက်အခဲကြုံရလေ့ရှိသော ကျေးရွာအချို့မှာ လောင်းလုံးမြို့နယ်က ဝေဒီ၊ ကညုံကျွန်း၊ သရက်ချောင်းမြို့နယ်က ရှင်‌မုတ္ထီး၊ ညောင်ဇင်၊ ပန်းချီရှောင်ကျေးရွာတို့ ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ဝေဒီရွာတွင် ယခင်နှစ်များက ယခုလိုကာလမျိုးတွင် တွင်းရေများ ပြတ်လပ်နေပြီဖြစ်သော်လည်း ယခုနှစ် တွင် ပုဂ္ဂလိလုပ်ငန်းတစ်ခုက ပိုက်သွယ်တန်းကာ ရေပေးဝေသဖြင့် တွင်းရေများလည်း အသုံးပြု၍ ရနေသေးကြောင်း ယင်းရွာက ရွာသားတစ်ဦးက ပြောသည်။

“နှစ်တိုင်း ဒီအချိန်လောက်ဆိုရင်တော့ ရေပြတ်နေပြီ။ တစ်ရက်ခြားလာတဲ့ ပိုက်ရေကို ယူသုံးတော့ တွင်းရေလည်း ခံသာတာပေါ့” ဟု ၎င်းက ဆိုသည်။

လောင်းလုံးမြို့နယ် ကညုံကျွန်းရွာအနီးက လေးသွန်းခံရွာသူတစ်ဦးကလည်း ယခုလအတွင်း မိုးရွာထားသဖြင့် ရေမပြတ်သေးကြောင်း ပြောဆိုသည်။

“နှစ်တိုင်း တပေါင်းဆို ခန်းနေပြီ” ဟု ၎င်းက ဆိုသည်။

ယခုနှစ် သောက်သုံးရေအခက်အခဲဖြစ်ပေါ်လာပါက ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ရုံးဖုန်း ၀၉၄၉၁၀၀၁၅၆ အပြင် ၀၉၂၅၁၁၄၂၁၅၅ ကိုပါ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း အဆိုပါ အဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါအဖွဲ့သည် ထားဝယ်အခြေစိုက် လူမှုကူညီရေးအသင်းဖွဲ့တစ်ခုဖြစ်ပြီး စေတနာ့ဝန်ထမ်း လူငယ်များဖြင့် စုဖွဲ့ထားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

အရေးပေါ်လူနာသယ်ဆောင်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းအပြင် တိုင်းနှင့် ပြည်နယ် အလိုက် လူမှုကူညီရေးအသင်းဖွဲ့များနှင့် ချိတ်ဆက်ကာ အရေးပေါ်လူနာရွှေ့ပြောင်း သယ်ဆောင်ခြင်းများ ကူညီဆောင်ရွက်ပေးကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။