တနင်္သာရီတွင် အမျိုးသားနှစ်ဦး ပစ်သတ်ခံရ၊ ပစ်သတ်ခံရသူ သုံးရက်အတွင်း ငါးဦးအထိ ရှိလာ

0
158

တနင်္သာရီမြို့နယ်တွင် အမျိုးသားနှစ်ဦး ယနေ့ (ဒီဇင်ဘာ ၁၈) ပစ်သတ်ခံရပြီး အဆိုပါမြို့နယ်တွင် ပစ်သတ်ခံရသူ သုံးရက်အတွင်း ငါးဦးအထိရှိလာပြီဖြစ်ကြောင်း ဒေသခံများကို မေးမြန်းချက်အရ သိရသည်။

ယနေ့ မွန်းလွဲ ၂ နာရီခန့်က လယ်သစ်ကျေးရွာ ရွာလမ်းတွင် ဒလန်ဟု သတင်းထွက်နေသူ တစ်ဦးကို လက်နက်ကိုင်လူတစ်စုက လာရောက်ပစ်သတ်သွားကြောင်း အဆိုပါကျေးရွာက ဒေသခံများက ပြောသည်။

အပစ်သတ်ခံရသူသည် အသက် ၄၀ နီးပါးရှိသူ ဦးဆန်းဝင်းဟုသိရှိရပြီး ယမန်နေ့က အသတ်ခံရသူ ဒေါ်လှဝင်း၏ အစ်ကိုဖြစ်ကြောင်း ရွာသားများက ပြောဆိုသည်။ ဒလန်ဟု သတင်းထွက်နေသည့် ၎င်း၏ ညီမ ဇနီးမောင်နှံနှင့် ၎င်းတို့၏ အပေါင်းအပါ အမျိုးသားတစ်ဦး ဒီဇင်ဘာလ ၁၆ ရက်နေ့ ညတွင် ပစ်သတ်ခံရဖြင့် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ညီမဖြစ်သူ အသတ်ခံရမှုကြောင့် ဦးဆန်းဝင်းက ဓားကိုင်ကာ ရွာတွင် အော်ဟစ်ဆဲဆိုရန်ရှာခဲ့ကြောင်း ရွာသားတစ်ဦးက ပြောသည်။ ယင်းနောက် လက်နက်ကိုင် အင်အား ၁၀ ဦးခန့် ရွာသို့ လာရောက်ကာ ပစ်ခတ်သွားကြောင်း ၎င်းက ဆိုသည်။

ယနေ့ညနေတွင်လည်း တနင်္သာရီမြို့အနီး ကားလမ်းမကြီးပေါ်တွင် ပျူစောထီးဟုဆိုသူ အမျိုးသားတစ်ဦး ကို လက်နက်ကိုင်လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း လယ်သစ်ရွာက ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါ အမျိုးသားသည် ကျွန်းစုမြို့နယ် အညှင်းရွားသားဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

အဆိုပါ အမျိုးသားကို အရေးပေါ်ကားဖြင့် ဆေးရုံသို့ ယူဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။

“လမ်းမမှာ သွေးတွေ အများကြီးပဲ တွေ့ရတယ်” ဟု အဆိုပါပုဂ္ဂိုလ်က ပြောသည်။

လက်ရှိအချိန်တွင် သုံးရက်အတွင်း တနင်္သာရီမြို့နယ်တွင် အသတ်ခံရသူ ငါးဦး ရှိလာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။