အိမ်ထဲတွင် အိပ်နေသည့် အမျိုးသမီး သေနတ်ပစ်ခံရ

0
318

ရေဖြူမြို့နယ် တောင်ပရကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေနတ်ဖြင့် ပစ်ခတ်သဖြင့် နေအိမ်ထဲတွင် အိပ်နေသည့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ထားဝယ်ခရိုင် ရေဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာအုပ်စု တောင်ပရကျေးရွာသို့ ဒီဇင်ဘာလ ၉ ရက် ည ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး သေနတ်ပစ်ခတ်သဖြင့် အသက် ၆၀ ကျော်အရွယ် ဒေါ်ကျင်ထွေးတွင် တင်ပါးကျည်ထိမှန်ကြောင်း ၎င်းက ဆိုသည်။

“သူက တံခါးပေါက်နားမှာ အိပ်တော့ ကျည်ဆံက တံခါးကို ဖောက်ဝင်ပြီး သွားထိတာဖြစ်မယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။

ဒေါ်ကျင်ထွေးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညတွင်းချင်း စစ်တပ်ဆေးရုံသို့ ခေါ်ဆောင်သွားသည်ဟု မိသားစုအချို့ထံမှ သိရကြောင်း ၎င်းက ပြောဆိုသည်။

သေနတ်ဒဏ်ရာမှာ ရှပ်ထိခြင်းဖြစ်သောကြောင့် အသက်အန္တာရာယ် မစိုးရိမ်ရကြောင်းလည်း ၎င်းဒေသခံက ပြောကြားသည်။