ရေးတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

0
323

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့ အောင်သုခရပ်ကွက်နေ အမျိုးသားတစ်ဦး ယနေ့နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ရေးမြို့ အောင်သုခရပ်ကွက်နေ ဦးဇော်ဝင်းဆိုသူသည် နိုဝင်ဘာ ၄ ရက်နေ့ မနက် ၉ နာရီခွဲဝန်းကျင်အချိန်ခန့်က ၎င်း၏ နေအိမ်တွင် ရှိနေစဥ် သေနတ်သမားတို့က သေနတ်ဖြင့် လာရောက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်ခံရမှုကြောင့် ဇော်ဝင်းသည် သေနတ်ဒဏ်ရာများရရှိခဲ့ပြီး မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်ဟုလည်း သိရသည်။

“ခြေထောက် ထိသွားတယ်လို့ သိရတယ်” ဟု ရေးမြို့ဒေသခံတစ်ဦးက ပြောသည်။

ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဦးဇော်ဝင်းကို ၎င်းတို့ ပစ်ခတ်ခံကြောင်း ထုတ်ပြန်ထားသည်။

ဦးဇော်ဝင်းသည် အာဏာသိမ်း စစ်ကောင်စီ၏ ထောက်တိုင်အဖြစ် ရပ်တည်နေသည့်အတွက် ယခုလို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

၎င်းပြင် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီနှင့် ဆက်သွယ်အလုပ်အကျွေးပြုနေသော ဒလန်များ ပျူစောထီးများနှင့် အခြားခြားသော စစ်ကောင်စီလက်ပါးစေမှန်သမျှကိုလည်း အမှန်တရားဘက်ကို အမြန်ဆုံး ရပ်တည်ကြရန်လည်း ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း၌ သေနတ်သမားတို့၏ ပစ်ခတ်မှုဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပွားလာခဲ့ပြီး လူသေဆုံးမှုများလည်း ရှိလာခဲ့သည်။

အထူးသဖြင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူများ နိုင်ငံရေးပါတီဝင်များ ပစ်သတ်ခံရမှု ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။