လောင်းလုံး ဒေသခံအချို့ ပြန်လွတ်

0
206

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖမ်းဆီးခံခဲ့ရသည့် လောင်းလုံးမြို့နယ်မှ ဒေသခံအချို့ ပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးမိခင်နှင့် စစ်ပြဲကျေးရွာသား ၈ ဦး ယနေ့ ‌နိုဝင်ဘာလ ၄ ရက် နေ့လယ် ၂ နာရီဝန်းကျင်တွင်ပြန်လွတ်လာကြောင်း ဒေသခံအချို့ကပြောသည်။

လောင်းလုံးမြို့ခံအချို့လည်း ယမန်နေ့က ပြန်လွတ်လာကြောင်းကြားသိရသော်လည်း လူဦးရေအတိအကျမသိရသေးကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“ပြန်လွတ်တဲ့သူတွေရှိတယ်လို့ကြားရတယ်။ ဒါပေမယ့် သတင်းအချက်အလက်တိတိကျကျမရတော့ ဘယ်သူတွေလွတ်တယ်ဆိုတာ မပြောနိုင်ဘဲ ဖြစ်‌နေတယ်” ဟု မြို့ခံတစ်ဦးက ဆိုသည်။

ယနေ့လွတ်မြောက်လာသူများမှာ နိုဝင်ဘာလ ၂ ရက်က ဖမ်းဆီးခံရသူများဖြစ်ပြီး လောင်းလုံးရဲစခန်းတွင် စစ်ဆေးမေးမြန်းခံရပြီး လွတ်‌မြောက်လာခြင်းဖြစ်ကြောင်း ဆိုကြသည်။

နိုဝင်ဘာလ ၃ ရက်က ဖမ်းဆီးခံထားရသည့် ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာက ၂ နှစ်အရွယ် ကလေးနှင့် မိခင်ဖြစ်သူ၊ ဦးဇော်ဝင်းတို့သုံးဦးမှာမူ ပြန်လွတ်လာသည်ကို မကြားရသေးကြောင်း ‌ဒေသခံတစ်ဦးက ဆိုသည်။

လောင်းလုံး-စစ်ပြဲလမ်းတွင် ရဲတပ်သား တစ်ဦး ပစ်သတ်ခံရပြီးနောက် လောင်းလုံးမြို့နယ်အတွင်း အဖမ်းအဆီးကြမ်းခဲ့သည်။

စစ်ပြဲကျေးရွာရှိ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်တစ်ဦး၏ နေအိမ်ကိုလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မီးရှို့ခဲ့သည်။