လောင်းလုံး အင်းဇောက်တွင် လင်မယားနှစ်ဦး သေနတ်ပစ်ခံရ

0
331

လောင်းလုံးမြို့နယ်၊ အင်းဇောက်ကျေးရွာအုပ်စု၊ ဝဗျောကျေးရွာတွင် ယနေ့ နံနက်ပိုင်းက လင်မယားနှစ်ယောက် သေနတ်ပစ်ခံရပြီး အမျိုးသားဖြစ်သူ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း မိသားစုဝင်တစ်ဦးက ပြောကြားသည်။

ယင်းပစ်ခတ်ခံရမှာကြောင့် သေဆုံးခဲ့သူမှာ ဝဗျောကျေးရွာနေအသက် ငါးဆယ်ဝန်းကျင်ခန့်အရွယ်ရှိ ဦးသက်မိုး (ခ) ဦးဂျပန်ဖြစ်ပြီး ၎င်းနဲ့အတူ ဇနီးဖြစ်သူ ဒေါ်မိုးမှာလည်း စိုးရိမ်ရသည့် ဒဏ်ရာရခဲ့သည်ဟု အထက်ပါမိသားစုဝင်က ပြောသည်။

ယနေ့ နံနက်ပိုင်းက ဆိုင်ကယ်စီး အမျိုးသား နှစ်ဦးက သေနတ် ရှစ်ချက်ခန့် ပစ်၍ ထွက်ပြေးသွားခဲ့ကြောင်း ၎င်း ကပြောသည်။

“ဆိုင်ကယ်ရပ်ပြီး ဂျပန်ရှိလား လို့ မေးတယ်။ သေနတ်သံကြားလို့ထွက်လာတော့ မောင်းပြေးသွားတယ်”ဟု အထက်ပါမိသားစုဝင် တစ်ဦးဖြစ်သူ အမျိုးသမီးကပြောသည်။

ဦးသက်မိုးသည် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်လေ့ရှိသူဖြစ်ကြောင်း ရပ်ရွာအတွင်း လူသိများပြီး အခြားအရပ်တပါးတွင် ခဏ တိမ်းရှောင်နေရာမှ အိမ်ပြန်လာနေစဉ် ထိုသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။