သရက်ချောင်း တောင်ပျောက်တိုက်ပွဲ စစ်တပ် ခြောက်ဦးသေဆုံးဟု PDF ထုတ်ပြန်

0
347
ပုံ - ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ/ဒေါင်းမင်းစစ်ဆင်ရေး လူမှုကွန်ယက်စာမျက်နှာ

တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့သည့် သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်တွင် တိုက်ပွဲတွင် စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကြောင်း ထားဝယ် ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့ က သတင်းထုတ်ပြန်လိုက်သည်။

ယင်း တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှု အပြင် သုံးဦးဒဏ်ရာရသော်လည်း ဒေါင်းမင်းစစ်ဆင်ရေး (TYC-PDF) ဘက်က ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူမရှိကြောင်း Dawei People Defense Alliance အဖွဲ့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

တောင်ပျောက်တိုက်နယ်သည် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်း တည်ရှိပြီး ထားဝယ်မြို့မှ မိုင်ငါးဆယ်ခန့် အကွာတွင် တည်ရှိသည်။

တိုက်ပွဲဖြစ်ရာအနီးတဝိုက်ရှိ ပြည်သူတစ်ဦး၏ နေအိမ်ကို စစ်တပ်က မီးရှို့ခဲ့ပြီး အခြားပြည်သူတစ်ဦး၏ နေအိမ်မှ ငွေကျပ် ၁၂ သိန်းနှင့် ဆန်အိတ်များကို ယူသွားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ဒေသခံရွာသား ၈ ဦးကို စစ်တပ်က ဖမ်းဆီးသွားပြီး လက်ရှိအချိန်ထိ တစ်ဦးသာ ပြန်လွတ်လာသေးသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

တောင်ပျောက်တိုက်နယ်တွင် စက်တင်ဘာ ၇ ရက်က စစ်တပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖြစ်သည့် ဒေါင်းမင်းစစ်ဆင်ရေး (သရက်ချောင်း-TYC-PDF) တို့ တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၈ ရက်တွင် တိုက်ပွဲ ထိတွေ့ဖြစ်ပွားခြင်းမရှိဟု ထုတ်ပြန်ချက်က ဆိုသည်။

စစ်တပ်ဘက်က သေဆုံးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

တောင်ပျောက်တိုက်နယ် ဝင်းကဖော်၊ ကျောက်အိုင်၊ ကျွဲခြံ၊ မယ်ကဲ၊ ရေပူ၊ အလယ်စု၊ သဲချောင်းကြီး စသည့်ကျေးရွာများတွင် စက်တင်ဘာ ၇ ရက်က ဖြန့်ကျက်စစ်ကြောင်း ထိုးထားသည့် စစ်တပ် စစ်ကြောင်းများကိုပြန်လည်စုစည်းပြီး စက်တင်ဘာ ၈ ရက်နေ့က တောင်ပျောက်ရွာတွင် စခန်းချတပ်စွဲထားသည်ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။

စစ်တပ်က စခန်းချထားသည့် တောင်ပျောက်ရွာရှိ နေအိမ်တစ်ဆောင်တွင် ပြောက်ကျားအကျီ တထည်တွေ့သဖြင့် မိသားစုဝင် ၃ ဦးနှင့် ကျေးရွာတွင်းရှိ လူငယ်အမျိုးသား ၁ ဦးကို စစ်တပ်က စက်တင်ဘာ ၈ ရက်နေ့တွင် ဖမ်းဆီးထားသည်ဟု ဒေသခံရွာသားက ပြောသည်။

အဖမ်းခံရသူ လေးဦးတွင် မိသားစုဝင်သုံးဦးမှာ ဒေသခံရွာသား၏ ဘကြီးလင်မယားနှင့် ညီဝမ်းကွဲဖြစ်ပြီး ရွာထဲက လူငယ်အမျိုးသားတစ်ဦးဖြစ်ကြောင်း ၎င်းက ပြောသည်။

“အဓိကတော့ ပြောက်ကျားအကျီတထည်တွေ့လို့ ပြောတယ်။ ဖုန်းတွေပါသိမ်းထားတယ်ဆိုပြောတယ်။ ဘကြီးက ပြောက်ကျားအကျီတွေ၊ စစ်ရောင်တွေကြိုက်တယ်ဆိုတော့ အဲဒါနဲ့ ထိန်းသိမ်းထားတယ်၊ လူငယ်နှစ်ယောက်ကတော့ ရိုက်နှက်ခံထိတယ်ပြောတယ်၊ ဘကြီးမိန်းမ ကိုတော့ ပြန်လွတ်ပေးလိုက်ပြီပြောတယ်” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ဝင်းကဖော်ကျေးရွာရှိ နေအိမ်တစ်ဆောင်တွင် ကျောပိုးအိတ်တစ်လုံးတွေ့သဖြင့် အမျိုးသမီးသုံးဦးကို PDF ရှိ၊ မရှိဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ကြောင်း ဒေသခံအမျိုးသားက ပြောသည်။

တောင်ပျောက်တိုက်နယ်တွင် စက်တင်ဘာ ၇ ရက်က စစ်တပ်နှင့် TYC-PDF တို့ကြား တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းနယ်တဝိုက်ရှိ လူငယ်နှင့် လူလတ်ပိုင်းအမျိုးသားများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ၎င်းက ပြောသည်။

ပုံ – ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ/ဒေါင်းမင်းစစ်ဆင်ရေး လူမှုကွန်ယက်စာမျက်နှာ