ကျေးဇူးတော်ရွာတွင် တိမ်းရှောင်နေသည့် ရွာသားများကို စစ်ကောင်စီပြန်ခေါ်၊ တောနင်းရှာချိန် တွေ့ပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်

0
439
ကျေးဇူးတော်ရွာ၊ ရေဖြူမြို့နယ်

KNU တပ်မဟာ ၄ ၏ ထိန်းချုပ်ဧရိယာတွင်ပါဝင်သည့် ကျေးဇူးတော်ရွာတွင် ထွက်ပြေးတိမ်းရှောင်နေသည့် ရွာသားများကို ရွာသို့ပြန်လာရန် ခေါ်ခိုင်းနေပြီး တောနင်းရှာချိန် တွေ့ပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း တိမ်းရှောင်နေရသူများက ပြောသည်။

ကျေးဇူးတော်ရွာသည် ထားဝယ်ခရိုင် ရေဖြူမြို့နယ်အတွင်း တည်ရှိပြီး ထားဝယ်မြို့မှ ၃၃ မိုင်ခန့်အကွာတွင်တည်ရှိသည်။ စစ်ကောင်စီတပ်သည် CDM များအား ဝင်ရောက်ရှာဖွေမည်ဟူသည့် အကြောင်းပြချက်ဖြင့် KNU တာဝန်ရှိသူများနှင့် ညှိနှိုင်းက သြဂုတ်လ ၂၇ ရက် နေ့လည်ပိုင်းက ရွာထဲသို့ ဝင်ရောက်လာကြောင်း ယင်းရွာတွင် နေထိုင်သူများက ပြောသည်။ ညပိုင်းရွာတွင် စစ်သားတချို့ ချန်ထားခဲ့ကာ ယနေ့နံနက် ပြန်မည်ဟု သိထားရကြောင်း ထွက်ပြေးတိမ်းရှောင်နေရသူ တစ်ဦးက ဆိုသည်။

“ဒီနေ့မနက် စစ်တပ်က ရွာမှာ ကျန်ခဲ့တဲ့သူတွေကနေတဆင့် ထွက်ပြေးနေရတဲ့ရွာသားတွေကို ပြန်လာဖို့ ပြန်ခေါ်ခိုင်းနေတယ်။ တောနင်းပြီးရှာမယ်၊ တောထဲမှာ တွေ့ရင် ပစ်သတ်မယ်လို့လည်းပြောတယ်” ဟု ကျေးဇူးတော်ရွာမှ တိမ်းရှောင်နေရသူက ဆိုသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာသားများအနက် ကိုဗစ်ရောဂါ ကူးစက်ခံထားရသူ ၂၅ ဦး ရှိပြီး ကိုယ်ဝန်ဆောင်များနှင့် ကလေးငယ်များလည်း ပါဝင်ကြောင်း ၄င်းက ဆိုသည်။ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရသည့် အတွက် ရိက္ခာ အခက်အခဲများလည်း ရှိနေကြောင်း သိရသည်။

KNU တပ်မဟာ ၄ အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရွာအတွင်းသို မည်သို့သဘောတူညီချက်ဖြင့် ဝင်ရောက်ခွင့် ပြုလိုက်သည်ဆိုသည်ကို အသေးစိတ် မသိရပေ။ KNU တပ်မဟာ ၄ (မြိတ်-ထားဝယ်ခရိုင်) ဆက်ဆံရေးရုံးမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဖဒိုဖလို့စိုးဝင်းကမူ CDM များနှင့် ပတ်သက်၍ ခဏတဖြုတ် ဝင်ကြည့်ချင်သည်ဆိုသောကြောင့် တပ်အချင်းချင်းနားလည်မှုဖြင့် ခွင့်ပြုထားခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

“တောနင်းမယ့် အခြေအနေတော့ မရှိပါဘူး။ ဒါပေမယ့်လည်း အခြေအနေက သိပ်မသေချာသေးဘူး။ ကိုယ်ကိုယ်တိုင်ရောက်မှပဲ… ကျွန်တော်တို့ သွားကြည့်ကြမှာပါ” ဟု ဖဒို ဖလို့စိုးဝင်းက ဆိုသည်။

ကျေးဇူးတော်ရွာသည် ယခင်စစ်အစိုးရလက်ထက်က စစ်ဘေးကြောင့် တစ်ရွာလုံးပြောင်းရွှေ့ခဲ့ရသည့် ကျေးရွာဖြစ်ပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင်မှာ ရွာသို့ပြန်လာကာ ပြန်လည်တည်ထောင်ထားသည့် ကျေးရွာဖြစ်သည်။

ယင်းကြောင့် ရွာသားများသည် စစ်သားမြင်လျှင် ကြောက်ရွံ့တတ်သည့် စိတ်ဒဏ်ရာများရှိနေကြသောကြောင့် စစ်ကောင်စီက ပြန်လာရန် ခေါ်ဆိုမှုနှင့်ပတ်သက်၍ မည်သူမှ ပြန်ကြမည်မဟုတ်ဟု တိမ်းရှောင်နေရသူများက ပြောသည်။

Dakkhina Insight