အရပ်ဝတ် လက်နက်ကိုင် ခြောက်ဦး ညင်းမော်ရွာအတွင်း သေနတ်ပစ်ခတ်ခြောက်လှန့်

0
198
ညင်းမော်ရွာ

ထားဝယ်ဒေသ၊ လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာအတွင်းသို့ အရပ်ဝတ် လက်နက်ကိုင် ၆ ဦး ဆိုင်ကယ်သုံးစီးဖြင့် ရောက်လာပြီး သေနတ်ပစ်ဖောက်ခြောက်လှန့်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ယနေ့ညနေပိုင်းတွင် ယင်းသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“အိမ်ထဲဝင်လာပြီးတော့ ဆန္ဒပြနေတဲ့သူတွေကိုမေးတယ်။ မေးတော့ မသိဘူးလို့ဖြေချင်ဖြေမှာပေါ့လေ။ အဲဒါနဲ့ အဲဒီအိမ်ခြံထဲကနေပြီးပဲ မိုးပေါ်ထောင်ပြီး သေနတ်တစ်ချက်ဖောက်လိုက်တယ်” ဟု ရွာသားတစ်ဦးက ပြောသည်။

ယင်းပစ်ခတ်မှုသည် ခြောက်လှန့်ပစ်ခတ်မှုဖြစ်သောကြောင့် ထိခိုက်ဒဏ်ရာရသူ၊ ဖမ်းဆီးခံရသူများ မရှိဟုဆိုသည်။

သေနတ်ပစ်ခတ်ခဲ့သည့် အိမ်ဝင်းခြံထဲတွင်မူ ကလေးငယ်များလည်းရှိနေသည်ဟုဆိုသည်။

လက်နက်ကိုင်များ ဝင်လာသည့်အချိန်သည် ရွာတွင်ဆန္ဒပြစစ်ကြောင်း ထွက်ပြီးသည့်အချိန်ဖြစ်ကြောင်း ၎င်းကပြောသည်။ ညင်းမော်ကျေးရွာသည် လောင်းလုံးမြို့နှင့် မိုင်အနည်းငယ်အကွာတွင် တည်ရှိသည်။