ထားဝယ်တွင် အောက်ဆီဂျင်အိုး စရောင်း

0
153

ထားဝယ်ဈေးကွက်တွင် ထိုင်း၊ တရုတ်နှင့် ရန်ကုန်မြို့မှဝင်လာသည့် အောက်ဆီဂျင်အိုးနှင့် အောက်ဆီဂျင်ထုတ်စက် (Oxygen concentrator) များ စတင် ရောင်းချနေကြပြီဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

၄၀ လီတာဆံ့ အောက်ဆီဂျင်အိုးတစ်လုံးလျှင် ကျပ်ငါးသိန်းကျော်၊ ၁၅ လီတာအိုးတစ်လုံးလျှင် ကျပ်သုံးသိန်းကျော် ပေါက်ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

အောက်ဆီဂျင်ထုတ်စက် (Oxygen concentrator) ဆယ်လီတာ တစ်လုံးလျှင် ကျပ် ၁၄ သိန်းကျော်၊ ၇ လီတာ တစ်လုံးလျှင် ၁၃ သိန်းကျော် စသည်ဖြင့် ဈေးအမျိုးမျိုးရှိသည်။

ယင်းဈေးနူန်းများသည် ရောင်းသူဘက်မှ အမြတ်မယူဘဲ ရောင်းချပေးသည့် နူန်းထားများဖြစ်ကြောင်း ပြောဆိုကြသည်။

ထားဝယ်ဈေးကွက်ထဲတွင် ၄၀ လီတာအောက်ဆီဂျင်အိုး မှာယူသူပိုများကြောင်း အောက်ဆီဂျင်အိုးရောင်းချနေသူ မသီရိတိုးတိုးက ပြောသည်။

“မှာတဲ့သူတွေက တော်တော်များတယ်။ ဘယ်အိုးပေးပါဆိုပြီးတော့ မှာတာတော့မရှိဘူး။ ဈေးသက်သာတာကို မှာကြတယ်။ လေးဆယ်လီတာအိုးဖြစ်ရင်တော့ ပိုမှာကြတယ်” ဟု မသီရိတိုးတိုးက ဆိုသည်။

လက်ရှိတွင် အောက်ဆီဂျင်အိုးနှင့် အောက်ဆီဂျင်ထုတ်စက်များကို ဈေးကွက်လိုအပ်ချက်ပြည့်မီအောင် မှာယူရောင်းချပေးနိုင်သည့် အခြေအနေတွင် ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။