လောင်းလုံးတွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

0
367

လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာတွင် ဩဂုတ်လ ၈ ရက်နေ့ နံနက်က အသက် ၅၀ ကျော် အရွယ်ရှိ အမျိုးသားတစ်ဦး ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် သေဆုံး‌သွားကြောင်း ဒေသခံများထံမှ သိရသည်။

သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသူမှာ အင်းဇောက်ရွာသား ဦးသိန်းလွင်ဖြစ်ပြီး နေအိမ်တွင်စက်သုံးဆီဆိုင်ဖွင့်ထားကြောင်း သိရသည်။

ယနေ့နံနက် ၅ နာရီကျော်တွင် သေနတ်ပစ်သံကြားရသည့်အတွက် ထွက်ကြည့်ရာ ဆီဆိုင်အတွင်း လဲနေသည်ကို တွေ့ရကြောင်း အိမ်နီးချင်းအချို့က ဆိုသည်။

“ဆိုင်ကယ်ဆီဖြည့်ဟန်ဆောင်ပြီး ပစ်သတ်သွားတာဖြစ်နိုင်တယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

မည်သည့်အဖွဲ့အစည်းက ပစ်ခတ်သွားသည်ကိုမူ မသိရသေးပေ။

ဦးသိန်းလွင်သည် ကျေးရွာ နာရေးကူညီမှုအသင်းကို ကနဦးတည်ထောင်ခဲ့စဉ်က ဦးဆောင်သူများအနက် တစ်ဦးအပါအဝင်ဖြစ်သည်။

လက်ရှိတွင်လည်း ကိုဗစ်ရောဂါကာကွယ်ရေးအတွက် ၎င်းရွာရှိ စေတနာ့ဝန်ထမ်းအဖွဲ့တွင် ကူညီဆောင်ရွက်ပေးနေသည်ဟု သိရသည်။

လက်ရှိတွင် ဦးသိန်းလွင်၏ ရုပ်အလောင်းကို ထားဝယ်ဆေးရုံကြီးသို့ သယ်ဆောင်သွားကြောင်း သိရသည်။

ဦးသိန်းလွင် သေဆုံးချိန်တွင် ဇနီးဖြစ်သူအပါအဝင် အသက်နှစ်ဆယ်ကျော်အရွယ်ရှိ သမီးတစ်ဦးနဲ့ သားတစ်ဦး ကျန်ရစ်သည်။