ယခုလလယ်မှစပြီး တစ်ရက် အောက်ဆီဂျင်အလုံးရေ နှစ်ရာအထိ ထားဝယ်တွင် စထုတ်မည် ဟုဆို

0
331

ထားဝယ်မြို့တွင် သြဂုတ်လ လယ်ပိုင်းမှစကာ တစ်ရက်လျှင် အောက်ဆီဂျင်အိုး အလုံးရေ နှစ်ရာဝန်းကျင်အထိ စထုတ်နိုင်တော့ မည်ဖြစ်ကြောင်း တပ်ကောင်စီ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ထံမှ သိရသည်။

တပ်ကောင်စီ၏ တိုင်းအစိုးရအစီအစဉ်ဖြင့် ဝယ်ယူထားသည့် အောက်ဆီဂျင်စက်မှာ ယခုလ ၁၂ ရက်နေ့ခန့်တွင် ထားဝယ်သို့ ရောက်လာမည်ဖြစ်ကြောင်း သိရသည်။

ကျပ်သိန်းနှစ်ထောင်ဝန်းကျင်ဖြင့် ဝယ်ယူထားသည့် အောက်ဆီဂျင်စက် ရောက်ရှိလာပါက တိုင်းလွှတ်တော်ရုံးအနောက်ဘက် တွင် ထားရှိမည်ဖြစ်ပြီး လက်ရှိတွင် အဆောက်အအုံဆောက်လုပ်နေပြီဖြစ်ကြောင်း တပ်ကောင်စီ ဝန်ကြီးချုပ် ဦးမြတ်ကိုက ဆိုသည်။

အဆိုပါစက်မှ တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာအိုး ၁၈၀လုံးနှင့် ၂၀၀ အကြားထုတ်လုပ်နိုင်မည်ဖြစ်ပြီး သြဂုတ်လလယ်ပိုင်းတွင် စထုတ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ထားဝယ်မြို့ရှိ အာယုဒါနအဖွဲ့ပိုင် အောက်ဆီဂျင်စက်တစ်လုံးရှိပြီး တစ်ရက်လျှင် ၄၀ လီတာအိုး အလုံး၄၀ ထုတ်လုပ်နေသည်။

ထို့အပြင် မြိတ်မြို့ရှိ ပုဂ္ဂလိပိုင် အောက်ဆီဂျင်စက်မှ တစ်ရက်လျှင် အလုံးရေ ၁၀၀ ကျော်ထုတ်နေကြောင်း အထက်ပါ အစိုးရအဖွဲ့ထံမှ သိရသည်။

သို့ရာတွင် ကိုဗစ်ရောဂါ ကူးစက်မှုများလာသည့်အတွက် အောက်ဆီဂျင် လိုအပ်ချက်ရှိနေဆဲဖြစ်သည်။

လက်ရှိတွင် လိုအပ်နေသည့် အောက်ဆီဂျင်ကို မော်လမြိုင်နှင့် ကော့သောင်းမြို့များတွင် သွားဖြည့်နေရသည်။

လက်ရှိ မှာယူထားသည့် အောက်ဆီဂျင်စက်ရောက်ရှိလာပါက လိုအပ်နေသူများ အောက်ဆီဂျင်ရရှိရေး ညှိနှိုင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဦးမြတ်ကိုက ဆိုသည်။

“ကျွန်တော်တို့ ရည်ရွယ်ချက်က အောက်ဆီဂျင်မရလို့ အသက်အန္တရာယ် ဖြစ်တာမျိုးတော့ အဖြစ်မခံချင်ဘူး၊ ကျွန်တော်တို့လည်း ဒီဟာကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးတော့ လုပ်သွားမယ်” ဟု ဦးမြတ်ကိုက ပြောသည်။

အဆိုပါစက်မှထွက်လာသည့် အောက်ဆီဂျင်ကို ဆေးရုံများ၊ ကိုဗစ်ကုသရေးစင်တာများကို ဖြန့်ဝေမည်ဖြစ်ပြီး နေအိမ်လူနာများရရှိရေး အတွက်လည်း ညှိနှိုင်းလုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထားဝယ်ဒေသတွင် အောက်ဆီဂျင်အိုးလိုအပ်ချက်လည်း ရှိနေခဲ့သည်။

ထိုကြောင့် လက်ရှိတွင် အောက်ဆီဂျင် ၄၀ လီတာအိုးအလုံးရေ ၂၀၀ မှာယူထားရာ ယနေ့ရောက်ရှိလာမည်ဖြစ်ပြီး နောက်ထပ်လည်း ၇၃၆ လုံး မှာယူထားကြောင်း တပ်ကောင်စီ တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံမှ သိရသည်။

ပုံစာ- အောက်ဆီဂျင်စက်ရုံဆောက်မည့် မြေနေရာနှင့် အောက်ဆီဂျင်အိုး လာဖြည့်နေသူတစ်ဉီးအား တွေ့ရစဉ်