ဘုမ္မော်ချောင်းခြား ထားဝယ်

0
259

စစ်တပ်အာဏာသိမ်းပြီး ရက်ပေါင်းတစ်ရာကျော်ကြာမြင့်ချိန်တွင် တစ်စုတစ်စည်းတည်း တည်ရှိခဲ့သည့် ထားဝယ်မြို့မှာ နှစ်ပိုင်းကွဲသလိုဖြစ်သွားခဲ့လေပြီ။

တပ်ကောင်စီ ခွဲခြမ်းလိုက်ခြင်းဖြင့် လူဦးရေ တစ်သိန်းကျော် နေထိုင်သောထားဝယ်မြို့၏ တောင်ဘက်ရှိ ရပ်ကွက်အချို့ အဝင်အထွက်များကို တင်းကျပ်လိုက်သည်။

ထားဝယ်မြို့အတွင်း ဖြတ်သန်းစီးဆင်းလာသည့် ဘုမ္မော်ချောင်းကို ဖြတ်ဆောက်ထားသော တံတားအများစုကို မေလ ၃၀ ရက်နေ့က ပိတ်ချလိုက်သည်။

ဘုမ္မော်ချောင်း၏ တောင်ဘက်တွင် ကြက်စားပြင်ရပ်ကွက်၊ ဘုမ္မော်ရပ်ကွက်နှင့် ဒေါင်းငူတံငါရပ်ကွက်ရှိပြီး မြို့ပေါ်ရပ်ကွက် အများစုက ထားဝယ်မြို့၏ မြောက်ဘက်တွင်တည်ရှိနေသည်။ ထားဝယ်မြို့တွင် ရပ်ကွက်စုစုပေါင်း ၁၅ ခုရှိသည်။

ထားဝယ်မြစ်အတွင်း အရှေ့မှ အနောက်သို့ ဖြတ်သန်းစီးဝင်သော ဘုမ္မော်ချောင်းကို ဖြတ်သန်းသွားလာနိုင်ရန် တံတားခြောက်စင်းရှိသည်။ ခြောက်စင်းအနက် တံတားလေးစင်းတွင် သံဆူးကြိုးများ ကာရံလိုက်သည်။

အနောက်ဘက်အကျဆုံး ထားဝယ်ကမ်းနားလမ်းရှိ တံတားနှင့် အရှေ့ဘက်အကျဆုံး အထက ၂ ကျောင်းအနီး(တောင်ခွလမ်းဆုံ) ရှိ တံတားမှသာ ဖြတ်သန်းခွင့်ပြုမည့် အနေအထားဖြစ်လာသည်။

ယင်းသို့ ထားဝယ်မြို့ကို ဘုမ္မော်ချောင်းမခြားမီ တစ်ရက်အလိုဖြစ်သည့် မေလ ၂၉ ရက်ကတည်းက ပစ်ခတ် ပေါက်ကွဲမှုများဖြစ်လေ့ရှိသည့် ကြက်စားပြင်ရပ်ကွက်နေ ပြည်သူများအား တပ်ကောင်စီက ပိုမိုတင်းကြပ်သည့် စည်းမျဉ်းများ ထုတ်ပြန်ခဲ့သည်။

ညခြောက်နာရီနောက်ပိုင်း လမ်းမထွက်ရန်၊ ရပ်ကွက်အတွင်း ဝင်ထွက်သွားလာရာတွင် ၎င်းတို့ခွင့်ပြုသည့် လမ်းကြောင်းမှသာ သွားရန်၊ နေအိမ်ဝင်ပေါက်များတွင် မိသားစုဝင်ဓာတ်ပုံများကပ်ထားရန် စသည့် တင်းကျပ်သော အမိန့်ထုတ်ပြန် ထားသည်။

ယင်းအပြင် တပ်ကောင်စီက အစည်းအဝေးခေါ်ချိန်တွင် အိမ်ထောင်ဦးစီးဖြစ်သူက မဖြစ်မနေတက်ရန်လည်း သတ်မှတ်ထားသည်။

ယခင်က လွတ်လပ်စွာ ဥဒဟိုသွားလာနေကြသည့် ဒေသခံများမှာ ထိုသို့သော ကန့်သတ်စည်းမျဉ်းများကြောင့် နေ့စ္စဓူ၀ အသက်မွေးလုပ်ငန်းများအပေါ် နစ်နာမှုများစွာဖြစ်ပေါ်ကြောင်း မြို့ခံတို့က ဆိုသည်။

ထိုသို့ ကန့်သတ်မှုကြောင့် ပြည်သူများလုပ်ကိုင်စားသောက်ရန် ဖြတ်သန်းသွားလာချိန်တွင် မဝံ့မရဲဖြစ်လာကြကြောင်း ကြက်စားပြင်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ဆိုသည်။

“အစကတည်းက စီးပွားရေးက ကြပ်တည်းနေတာ၊ အခုဆို မသွားရဲ မလာရဲနဲ့ ပင်ပန်းကြတော့မယ်” ဟု ၎င်းက ပြောသည်။

ဖြတ်သန်းခွင့်ပိတ်ထားသည့် သံတံတားကြီးအနီးတွင် သရက်ချောင်းမြို့နှင့် ထားဝယ်မြို့သို့ ပြေးဆွဲနေသည့် ကားဂိတ်လည်းရှိသည်။ သရက်ချောင်းယာဉ်လိုင်းမှာ မေလ ၃၀ ရက်နေ့ နံနက်ပိုင်းအထိ ပြေးဆွဲနေဆဲ ဖြစ်သည်။

အာဏာသိမ်းတပ်ကောင်စီ၏ အဓိကရည်ရွယ်ချက်မှာ ၎င်းတို့အား ဆန့်ကျင်သည့် ဆန္ဒပြပွဲများ၊ ပစ်ခတ် ပေါက်ကွဲမှုများ ဖြစ်လေ့ရှိသည့် ကြက်စားပြင်ရပ်ကွက်ကို တမင်ဖိနှိပ်လိုသည့်သဘောဟု ရပ်ကွက်နေသူအချို့က ရှုမြင်ကြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကြက်စားပြင်ရပ်ကွက်နေ အမျိုးသားနှစ်ဦးမှာ စစ်တပ်နှင့် ရဲတို့၏ ပစ်ခတ်မှုကြောင့် အသက်ဆုံးပါးခံရသည်။

ထိုနောက် အာဏာသိမ်းစစ်တပ်ကို သတင်းပေးနေသည့် ဒလန်ဟု ရပ်ကွက်နေသူများ စွပ်စွဲပြောဆိုနေသည့် အမျိုးသားတစ်ဦး ဗုံးပေါက်ကွဲပြီး သေဆုံးသွားခဲ့သည်။

ကြက်စားပြင်ရပ်ကွက်တွင် စစ်တပ်၊ ရဲတို့နှင့် အမည်မသိလက်နက်ကိုင်အဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုများ အနည်းဆုံး တစ်ကြိမ် ဖြစ်ပွားခဲ့သေးသည်။

ထိုကြောင့် တပ်ကောင်စီက ကြက်စားပြင်ရပ်ကွက်အတွင်းရှိ နေရာနှစ်ခုတွင် တပ်စွဲထားလိုက်သည်။

ယင်းသို့ တပ်စွဲခြင်း၊ အသွားအလာလမ်းများ ပိတ်ခြင်းတို့ကြောင့် စစ်တပ်က တိုင်းရင်းသား လက်နက်ကိုင်များကို ထိုးစစ်ဆင်စဉ်က အသုံးပြုခဲ့သော ဖြတ်လေးဖြတ်ကဲ့သို့သော စနစ် ကျင့်သုံးမည်ကို ပြည်သူများက စိုးရိမ်နေကြသည်။

ထိုအခင်းအကျင်းများကြောင့်လည်း ထားဝယ်မြို့ တောင်ဘက်အစွန်းရှိ ကြက်စားပြင်ရပ်ကွက် ရှိရာ အပိုင်းကို တမင်ခွဲခြမ်းပြီး အပြင်းအထန်ဖိနှိပ်မည်ကို စိုးရိမ်ကြောင်း ယင်းရပ်ကွက်နေ အမျိုးသားက ဆိုသည်။

“အခုက စစ်ဖြစ်နေတဲ့ပုံစံအတိုင်းကို ဖြစ်နေတာ၊ တံတားတွေမှာ သံဆူးကြိုးတွေနဲ့ တားထားတာ”ဟု ၎င်းက ပြောသည်။

(ပုံတစ်ပုံချင်းစီတွင် အညွှန်းပါရှိပါသည်)