ထားဝယ် ကြက်စားပြင်ရပ်ကွက်ကို ပိုတင်းကျပ်

0
236

ပစ်ခတ်ဖောက်ခွဲမှုများ ဖြစ်လေ့ရှိသော ထားဝယ်မြို့ရှိ ကြက်စားပြင်ရပ်ကွက်တွင် ည ၆ နာရီနောက်ပိုင်း လမ်းမထွက်ရန် အပါအဝင် ပိုမိုတင်းကျပ်သော စည်းမျဉ်းများ ကို တပ်ကောင်စီက လိုက်လံ ကြေညာလျက်ရှိသည်။

ည ၆နာရီနောက်ပိုင်း လမ်းမထွက်ရန်၊ ရပ်ကွက်အတွင်းသို့ ဝင်ထွက်သွားလာရာတွင် သတ်မှတ်လမ်းများမှသာ သွားလာရန်နှင့် နေအိမ်ဝင်ပေါက်တွင် မိသားစုဓာတ်ပုံများကပ်ထားရန် အစရှိသည့် ကန့်သတ်ချက်များကို တပ်ကောင်စီက ကြေညာနေကြောင်း ရပ်ကွက်နေသူအချို့ထံမှ သိရသည်။

ယင်းကန့်သတ်ချက်များလိုက်နာရန် မေလ ၂၉ ရက် ညနေက ရပ်ကွက်အတွင်း ရဲကားဖြင့် လှည့်လည်ကြေညာနေကြောင်း ရပ်ကွက်နေသူအချို့က ပြောသည်။

လက်ရှိတွင် ရပ်ကွက်အတွင်းရှိ မင်းရပ်ကူးတို့လမ်းဆုံနှင့် ရပ်ကွက်ဈေးနံဘေးရှိ ရွာလယ်ဇရပ်တို့တွင် စစ်တပ်က တပ်စွဲထားပြီး ပစ်ခတ်မှုများ ပေါက်ကွဲမှုများ အမြဲတမ်းနီးပါး ဖြစ်ပွားနေသည်။

အထက်ပါအချက်များအပြင် ၎င်းတို့အစည်းအဝေးခေါ်ချိန်တွင် အိမ်ထောင်ဦးစီးဖြစ်သူ မပျက်မကွက်တက်ရောက်ရမည့် အချက်လည်း ပါဝင်ကြောင်း ကြက်စားပြင်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ဆိုသည်။

“ရဲကားနဲ့ ပြောနေတာက အများကြီးပဲ၊ ကြက်စားပြင်ကို တမင်ဖိနေသလိုမျိုးကို ဖြစ်နေတယ်”ဟု အထက်ပါ အမျိုးသားက ပြောသည်။

အထက်ပါအချက်များအပြင် ဧည့်စာရင်းစစ်ဆေးချိန်တွင်လည်း ကြည်ဖြူစွာ လက်ခံရမည့် အချက်လည်းပါဝင်ကြောင်း ရပ်ကွက်နေသူအချို့ထံမှ သိရသည်။

အထက်ပါ ကန့်သတ်ချက်များမှာ မေလ ၃၀ ရက်နေ့တွင် စတင်အကျုံးဝင်မည်ဟု သိရကြောင်း ရပ်ကွက်နေသူအချိုထံမှ သိရသည်။

ကြက်စားပြင်ရပ်ကွက်တွင် တပ်နှင့် ရဲတို့က အခါအားလျော်စွာ ဝင်ရောက်ဖမ်းဆီးခြင်း၊ နေအိမ်များကို ဝင်ရောက်ရှာဖွေခြင်းတို့ ပြုလုပ်လေ့ရှိပြီး ၎င်းတို့၏ ပစ်ခတ်မှုကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း လူ နှစ်ဦးထက် မနည်း သေဆုံးခဲ့ပြီးဖြစ်သည်။

ဓာတ်ပုံ – ကြက်စားပြင် ရပ်ကွက်တွင်း တစ်နေရာ