တနင်္သာရီတိုင်းတွင် ပထမရက် ကျောင်းအပ်နှုန်း ၃ ရာခိုင်နှုန်းကျော်

0
146

အခြေခံပညာကျောင်းများဖွင့်လှစ်ရန် စတင်ကျောင်းလက်ခံသည့် မေလ ၂၄ ရက်နေ့တွင် ကျောင်းသား ကျောင်းသူ ၃ ဒသမ ၃ ရာခိုင်နှုန်းဝန်းကျင် လာရောက်အပ်နှံကြောင်း
တနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူးရုံး၏ စာရင်းအရ သိရသည်။

တပ်ကောင်စီက အခြေခံပညာကျောင်းများပြန်ဖွင့်မည်ဟုဆိုကာ မေလ ၂၄ ရက်နေ့မှစကာ ကျောင်းအပ်လက်ခံနေသည်။ တနင်္သာရီ တိုင်းအတွင်း ကျောင်းအပ်ရမည့် ကျောင်းသားအရေအတွက် သုံးသိန်းဝန်းကျင်ရှိပြီး ကျောင်းအပ်လက်ခံသည့် ပထမဆုံးရက်တွင် ကျောင်းသားဦးရေ တစ်သောင်းကျော် ကျောင်းအပ်ခြင်းဖြစ်သည်။

ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၄ ရက်မှ ၃၁ ရက်နေ့ အထိ သတ်မှတ်ထားသည်။

ဇွန်လ ၁ ရက်နေ့တွင် ကျောင်းစဖွင့်မည်ဖြစ်ပြီး ငွေကြေးတစ်စုံတစ်ရာ ကောက်ခံမည် မဟုတ်ကြောင်း တပ်ကောင်စီက ထုတ်ပြန်ထားသည်။

ထို့အပြင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံနှင့် Mask များကို အခမဲ့ထောက်ပံ့မည်ဟုလည်း ထုတ်ပြန်ထားသည်။

သို့ရာတွင် ကျောင်းလာအပ်သည့် အရေအတွက်မှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက သိသိသာသာ နည်းပါးနေကြောင်း စုံစမ်းသိရသည်။

ပထမဆုံးရက်ဖြစ်သည့်အတွက် ကျောင်းလာအပ်သူနည်းသည်ဟု မပြောနိုင်ဘဲ နောက်ရက်များအထိ စောင့်ကြည့်ရမည် ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကျောင်းအပ်နှံရေးသီတင်းပတ် သတ်မှတ်ထားသော်လည်း ကျောင်းဖွင့်ပြီးချိန်လာအပ်ပါကလည်း လက်ခံမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျောင်းဖွင့်ပြီး လာအပ်ရင်လည်း လက်ခံပါတယ်”ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင် ပထမဆုံးကျောင်းအပ်သည့်ရက်မှ ကျောင်းသား စာရင်းအတိအကျကို သက်ဆိုင်ရာမြို့နယ်များထံမှ တောင်းခံထားဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။
အွန်လိုင်းပေါ် ပျံ့နှံ့နေသည့် စာအရ တနင်္သာရီမြို့နယ်တွင် ကျောင်းသားဦးရေ သုံးသောင်းနီးပါးရှိသည့်အနက် မေလ ၂၄ ရက်နေ့တွင် ၁၀၆၈ ဦး ကျောင်းလာအပ်ကြောင်း ဖော်ပြထားပြီး ၎င်းစာနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ယမန်နှစ်များက ကျောင်းစအပ်သည့်ရက်တွင် ကျောင်းအပ်သူများပြားလေ့ရှိသော်လည်း ယခုနှစ်တွင်မူ ကျောင်းလာအပ်သူ အဆမတန်နည်းပါးနေကြောင်း ထားဝယ်ဒေသရှိ အခြေခံပညာကျောင်း အချို့ထံမှ သိရသည်။

အထက်တန်းကျောင်းများတွင် ယခင်နှစ်များက ကျောင်းအပ်စတင်လက်ခံသည့်နေ့၌ ကျောင်းသားရာဂဏန်းအထိ လာအပ်လေ့ရှိသည်။

လက်ရှိတွင်မူ ထားဝယ်မြို့နယ်အတွင်းရှိ ထင်ရှားသော အထက်တန်းတစ်ကျောင်းတွင် ကျောင်းလာအပ်သည့် ကျောင်းသားဦးရေ တစ်ဆယ်ပင် မပြည့်ကြောင်း စုံစမ်းသိရသည်။

ကျောင်းအပ်နှံရေးကာလတွင် ကျောင်းအတွင်းနှင့် အနီးတစ်ဝိုက်တွင် စစ်သားများက စောင့်ကြပ်နေသည်။

တပ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကလည်း ကျောင်းများဖွင့်လှစ်ချိန်တွင် ကျောင်းတွင်း၊ ကျောင်းပြင် နေရာများတွင် လုံခြုံရေးအပြည့်အ၀ ထားရှိမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ကျောင်းသားမိဘအများစုကလည်း အာဏာသိမ်းထားသည့် တပ်ကောင်စီလက်အောက်တွင် ၎င်းတို့သားသမီးကို ကျောင်းမထားလိုကြောင်း ဆန္ဒပြမှုများလည်းရှိနေသည်။

ကျောင်းသားမိဘများအပါအဝင် ဒေသခံများက ‘ကျောင်းမတက်ရေး လှုပ်ရှားမှု’ များကို နေရာဒေသ အများစုတွင် နည်းမျိုးစုံဖြင့် ပြုလုပ်နေကြသည်။

လောင်းလုံးမြို့နယ် ကြက်ယက်တွင်းရွာ မူလတန်းကျောင်းတွင် ကျောင်းအပ်လက်ခံနေသည့် ပညာရေးဝန်ထမ်းများကို ဒေသခံများက သံပုံးတီးမောင်းထုတ်ခဲ့ကြသည်။

ယင်းသို့ သံပုံးတီးပြီး မကြာမီမှာပင် စစ်တပ်ကားများရောက်လာပြီး စာသင်ကျောင်းနှင့် ကျေးရွာအတွင်း လာရောက် တပ်စွဲခဲ့သည်။

လောင်းလုံးမြို့နယ်အတွင်း ကျောင်းအပ်လက်ခံနေသည့် ကျောင်းအချို့ရှိသလို အချို့သော အခြေခံပညာကျောင်းများတွင် ကျောင်းလက်ခံမည့် ပညာရေးဝန်ထမ်း မရှိချေ။

တနင်္သာရီတိုင်း ပညာရေးမှူးရုံးမှ ထုတ်ပြန်ခဲ့သည့် စာရင်းအရ လောင်းလုံးမြို့နယ်အတွင်း တာဝန်မှ ယာယီ ရပ်ဆိုင်းခံထားရသည့် ပညာရေးဝန်ထမ်း တစ်ထောင်ကျော် ရှိနေသည်။

ကနဦးစာရင်းအရ တနင်္သာရီတိုင်းအတွင်း တာဝန်ယာယီရပ်နားခံရသည့် ပညာရေးဝန်ထမ်း ခုနှစ်ထောင်ကျော် အထိရှိသည်။ သို့သော် ယာယီရပ်နားခံရသည့် စာရင်းကို ပြန်ပြုစုနေသည်ဟုတည်း တိုင်းပညာရေးမှူးရုံးက ဆိုထားသည်။

ကျောင်းအပ်လက်ခံသည့် မေလ ၂၄ ရက်ညက ထားဝယ်ခရိုင်ရှိ အခြေခံပညာကျောင်းအချို့တွင် ဗုံးပေါက်မှုများရှိသလို ကမြောကင်းအထက်တန်းကျောင်းဆောင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ – တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်အတွင်းရှိ ကျောင်းတစ်ကျောင်းတွင် ကျောင်းအပ်လက်ခံနေစဉ်။