ကမြောကင်းကျောင်းဆောင် မီးလောင်မှု ရှို့မီးဟု မီးသတ်တပ်ဖွဲ့ဆို

0
167

လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာ အထက်တန်းကျောင်းဆောင်မီးလောင်မှုမှာ ရှို့မီးဖြစ်ကြောင်း ထားဝယ်ခရိုင်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။

မေလ ၂၄ ရက် ည၁၀ နာရီ မိနစ် ၄၀ ခန့်တွင် မီးလောင်သည်ဟု သတင်းရပြီး မီးသတ်ကားများဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ မိနစ် ၃၀ ခန့် အကြာတွင် မီးငြိမ်းခဲ့ကြောင်း အထက်ပါ တပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်နေကြောင်း သတင်းရရှိချိန်၊ မီးသတ်ကားထွက်ချိန်နှင့် မီးလောင်ရာနေရာသို့ ရောက်ရှိချိန်မှာ မိနစ်အနည်းငယ်သာ ကြာပြီး မီးသတ်ကားရောက်ရှိချိန်တွင် ကျောင်းဆောင်တစ်ခုလုံး မီးလောင်ကျွမ်းမှုများပြားနေပြီဖြစ်သည့်အတွက် ရှို့မီးဖြစ်ကြောင်း ခရိုင်မီးသတ် တာဝန်ရှိသူက ဆိုသည်။

“ကျွန်တော်တို့ ခန့်မှန်းလို့ရတယ်။ ရိုးရိုး ဖယောင်းတိုင်မီး ဆေးလိပ်မီး၊ လျှပ်စစ်မီးဆိုလို့ရှိရင် အဲဒီလောက်ကြီး ဗြုန်းကနဲ ခဲကနဲ ထမလောင်နိုင်ဘူး” ဟု ယင်းတာဝန်ရှိသူက ပြောသည်။

ကမြောကင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းကလည်း မီးလောင်သည့်အခင်းအကျင်းမှာ ရှို့မီးဖြစ်နိုင်ကြောင်း သုံးသပ်သည်။

မီးလောင်မှုကြောင့် အလျား ၁၂၅ ပေ ၊ အနံ ၃၅ ပေရှိ သွပ်မိုး အုတ်ကာ တစ်ထပ်ကျောင်းဆောင်တစ်ခုလုံး လောင်ကျွမ်းသွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ယင်းကျောင်းဆောင်မှာ လမ်းနှင့် အနီးဆုံး ကျောင်းဆောင်ဖြစ်ပြီး ဘုရားခန်း၊ ကွန်ပြူတာခန်း၊ စာကြည့်တိုက်နှင့် ကျောင်းအုပ်ဆရာမကြီး ရုံးခန်း တို့ ရှိသည်။

အဆိုပါ ကျောင်းဆောင်ရှိ ကွန်ပြူတာအခန်းမှ စတင်လောင်ကျွမ်းသည်ဟု ထားဝယ်ခရိုင်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ကမြောကင်းကျောင်းမှာ ထားဝယ်-မောင်းမကန်လမ်းပေါ်တွင် တည်ရှိသည်။

မီးလောင်မှုနှင့် ပတ်သက်၍ မောင်းမကန်နယ်မြေရဲစခန်းတွင် အမြင့်ဆုံးထောင်ဒဏ်နှစ် ၂၀ အထိ ချမှတ်နိုင်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ-၄၃၆ ဖြင့် အမှုဖွင့်ထားသည်။