သထုံတွင် ဗုံး ၃ ကြိမ်ပေါက်ကွဲမှုဖြစ်

0
201

မွန်ပြည်နယ် သထုံမြို့တွင် မေလ ၁၆ ရက်နေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့သည်ဟု မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။

ယနေ့နံနက် ၆ နာရီဝန်းကျင်ခန့်က သထုံမြို့ အထက (၂) ကျောင်းဝင်းထဲတွင် ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့သည်ဟု မြို့ခံတို့က ပြောသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ကျောင်းအဆောက်အအုံ အချို့ ပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်းလည်း သိရသည်။

အလားတူ နံနက် ၆ နာရီဝန်းကျင်အချိန်ခန့်တွင် သထုံမြို့ အောက်ကျင်းရပ်ကွက် စျေးအနီးရှိ ဇင်ယော်တည်းခိုခန်းနှင့် မီးသတ်တပ်ဖွဲ့လူနေလိုင်းခန်းအနီး၌လည်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က လုံခြုံရေး တင်းကြပ်ထားပြီး ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟုလည်း ရပ်ကွက်နေသူတို့က ပြောသည်။

သထုံနည်းတူ ယခုရက်ပိုင်းအတွင်း မော်လမြိုင်နှင့် ရေးမြို့တို့တွင်လည်း ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး အဆောက်အအုံပျက်စီးမှုရှိသလို လူထိခိုက်မှုလည်း ရှိခဲ့သည်။

မွန်ပြည်နယ်အတွင်းရှိ မြို့အချို့တို့တွင် ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပေါ်လာပြီးနောက်ပိုင်း မြို့အဝင်အထွက်နေရာများအပြင် မြို့ပေါ်အနှံ့ စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာသည်ဟုလည်း မြို့ခံတို့မှ သိရသည်။

“အခုနောက်ပိုင်း စစ်ဆေးမှုတွေက ပိုပြီးတင်းကြပ်လာတယ်၊ မြို့အဝင်အထွက်လိုနေရာတွေမကပဲ မြို့ပေါ်မှာဆိုရင်လည်း နေရာတော်တော်များများမှာ စစ်ဆေးမှု ပိုပြီး လုပ်ဆောင်လာတာတွေ့ရတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

မွန်ပြည်နယ်အတွင်း စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က လုံခြုံရေး တင်းကြပ်ထားသော်လည်း စစ်အာဏာရှင်ကို အလိုမရှိသည့် ပြည်သူတို့က နည်းမျိုးစုံဖြင့် ဆက်လက် ဆန့်ကျင်နေကြသည်။