ကွမ်းဝယ်နေသည့် ကျောင်းဆရာနှင့် မိတ်ဆွေတစ်ဦး အဖမ်းခံရ

0
161
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့ မြောက်ရွာရပ်ကွက်တွင် မေလ ၁၆ ရက်နေ့ ညနေက ပြင်ပကျောင်းဆရာတစ်ဦးနှင့် သူငယ်ချင်းတို့ ကွမ်းယာဝယ်နေစဉ် အရပ်ဝတ်လူတစ်စုက လာရောက်ဖမ်းဆီးခဲ့ကြောင်း ၎င်းနှင့် နီးစပ်သူအချို့ထံမှ သိရသည်။

အဆိုပါရပ်ကွက် မမဘုရားကျောင်းအနီးတွင် ကွမ်းယာဝယ်နေသည့် ပြင်ပကျောင်းဆရာဖြစ်သူ ကိုရန်ပိုင်ဦးနှင့် သူငယ်ချင်း တစ်ဦးကို အိမ်စီးကားဖြင့် လာရောက်ဖမ်းဆီးခဲ့ကြောင်း ၎င်း၏မိတ်ဆွေ အမျိုးသားတစ်ဦးက ဆိုသည်။

အသက် ၂၆ နှစ်ခန့်ရှိ ကိုရန်ပိုင်ဦးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွင် လိုက်ပါလေ့ရှိပြီး လက်ရှိတွင် မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသေးကြောင်း အထက်ပါ အမျိုးသားက ပြောသည်။

“အခုက ဘယ်နေရာရောက်နေတယ်ဆိုတာလည်း ကျွန်တော်တို့ မသိဘူး၊ လာခေါ်ဆောင်သွားတာကလည်း အိမ်စီးကားဆိုတော့ ဒီကြားထဲမှာ အစအနပျောက်သွားမှာပဲ ကြောက်တယ်” ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသည့် ညတွင်လည်း မနက်ဖြန် သပိတ်စစ်ကြောင်းထွက်မည့် အချိန်နှင့် နေရာကို ဖုန်းမက်ဆေ့မှတစ်ဆင့် မေးမြန်းခဲ့သည့်အပြင် ဖုန်းဖြင့်ဆက်သွယ်ပြောဆိုရာတွင်လည်း အသံတုန်ယင်နေကြောင်း ၎င်း၏ မိတ်ဆွေအချို့ထံမှ သိရသည်။