ထားဝယ်သပိတ်စစ်ကြောင်း ဖြိုခွင်းခံရ၊ အဖမ်းခံရသူ ၅ ဦးရှိဟုဆို

0
239

အင်ဂျင်နီယာ၊ နည်းပညာကျောင်းသား၊ ဆရာ၊ ဆရာမများ၊ ထားဝယ်မြို့ခံများနှင့် NLD လူငယ်များ၊ ကျောင်းသားသမဂ္ဂများပါဝင်သော စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသည့် ထားဝယ်သပိတ်စစ်ကြောင်း ဖြိုခွင်းခံခဲ့ရပြီး လူ ၅ ဦးခန့် အဖမ်းခံလိုက်ရသည်။

ဧပြီလ ၂၁ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် သပိတ်စစ်ကြောင်းကို စစ်တပ်နှင့် ရဲများက အသံဗုံးများ၊ ကျည်အစစ်များဖြင့် လိုက်လံပစ်ခတ်ဖြိုခွင်းခဲ့သည်။

ယင်းသို့ သပိတ်စစ်ကြောင်းကို လိုက်လံပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် ဘုမ္မော် ၄ လမ်းတွင် အမျိုးသားနှစ်ဦး၊ ကြက်စားပြင်ရပ်ကွက်၊ မြလေးလမ်းတွင် သုံးဦးကို အနည်းဆုံး စုစုပေါင်း ၅ ဦးကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

ဘုမ္မော် ၄ လမ်းတွင် ဖမ်းမိခဲ့သူ အမျိုးသားနှစ်ဦးတွင် တစ်ဦးမှာ အသက် ၁၆ နှစ်အရွယ်ရှိ အခြေခံပညာ ဒဿမတန်း ကျောင်းသား မောင်အောင်ပြည့်ဖြိုးနှင့် ကျန်တစ်ဦးမှာလည်း အသက် ၁၈ ဝန်းကျင်သာ ရှိနိုင်ကြောင်း မျက်မြင်တွေ့သူ လူငယ်အမျိုးသမီးတစ်ဦးက Dawei Watch ကို ပြောသည်။

“သူတို့တွေက အိမ်ထဲကို ဝင်မပုန်းလိုက်ရဘူး၊ သေနတ်တွေနဲ့ ပစ်နေတာဆိုတော့ သူတို့တွေက မြောင်းထဲကို ဝင်ပုန်းချတယ်၊ မြောင်းထဲကို ဝင်ပုန်းချတဲ့ အချိန်မှာ ရဲတွေက မြင်သွားတယ်၊ မြင်သွားတဲ့အချိန်မှာ ပစ်နေတာ၊ ထိလား မထိလားတော့ မသိဘူး” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များသည် အဖြူရောင် Vigo ကားနှစ်စီးနှင့် စစ်ကား သုံးလေးစီးခန့်ဖြင့် လှည့်လည်ကာ သပိတ်စစ်ကြောင်းကို အသံဗုံးနှင့် ကျည်အစစ်များဖြင့် လိုက်လံပစ်ခတ်ခဲ့ပြီး ကြက်စားပြင်ရပ်ကွက်၊ သရက်ချောင်းကားဂိတ်အနီးတွင် လမ်းဘေးတွင်ရပ်ထားသည့် ဆိုင်ကယ်များကိုလည်း ယူဆောင်သွားသည်ကို Dawei Watch ကတွေ့ရှိခဲ့ရသည်။

ယနေ့ ထားဝယ်သပိတ်စစ်ကြောင်းတွင် ဖမ်းမိခဲ့သူ ၅ ဦးတွင် ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသားဟောင်း ကိုနိုင်လင်းထွန်း(ခ) စောဂျက်ကလင်းမှာ ကျည်အစစ်နှင့် အပစ်ခံရသဖြင့် ဒဏ်ရာရရှိထားသည်ဟုလည်း သိရသည်။

ကျန်ဖမ်းမိသူများ၏ အသေးစိတ်အခြေအနေများကို Dawei Watch ကအတည်ပြုရန် ကြိုးစားနေဆဲဖြစ်သည်။