နယ်လွန်ဂေါက်သီးအန္တရာယ် စိုးရိမ်

0
134
Dawei Watch, Dawei News, Dawei News Media

ထားဝယ်ဂေါက်ကွင်းအတွင်းမှ အရှိန်လွန်ထွက်လာသည့် ဂေါက်သီးကြောင့် လူထိခိုက်မည်ကို လမ်းသွား လမ်းလာများနှင့် ကျန်းမာရေးလမ်း လျှောက်သူများက စိုးရိမ်နေကြသည်။

လမ်းလျှောက်ချိန်များတွင် ဂေါက်ကွင်းအတွင်းမှ အရှိန်လွန်ပြီးထွက်လာ လေ့ရှိပြီး ဂေါက်သီးကြောင့် လူ၊ ယာဉ် ထိခိုက်မှုဖြစ်စဉ်များ ရှိခဲ့ကြောင်း ညနေ ဘက်ပုံမှန်လမ်းလျှောက်လေ့ရှိသည့် အသက် ၅၀ နှစ်အရွယ် အမျိုးသား တစ်ဦးက ဆိုသည်။

ဇန်နဝါရီလ ၂၄ ရက် ညနေကလည်း ဂေါက်ကွင်းအတွင်းမှ ရိုက်လိုက်သည့် ဂေါက်သီးမှာ အရှိန်လွန်ပြီး လမ်းလျှောက်နေ သူများအား ထိခိုက်လုမတတ် ဖြစ်သွားခဲ့သည်။

“ထွက်လာတဲ့ဂေါက်သီးက ခေါင်းကိုသာ ထိသွားရင် မတွေးရဲစရာပဲ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ကွင်းအတွင်းမှ ဂေါက်သီးအရှိန် လွန်ထွက်သွားမည်ကို ဂေါက်သီးရိုက် ကစားသူအချို့ကလည်း စိုးရိမ်နေကြသည်။

ထိုသို့ အရှိန်လွန်ထွက်သွားပြီး လူ သို့မဟုတ် ယာဉ်ထိခိုက်မိပါက တာဝန်ယူ ဖြေရှင်းရမည်ဖြစ်သည့်အတွက် လုံခြုံသည့် သံဇကာအမြင့် တပ်ဆင်စေလိုကြောင်း ပုံမှန်ဂေါက်ရိုက်လေ့ရှိသည့် အမျိုးသားတစ်ဦးက ဆိုသည်။

ဂေါက်သီးတစ်ကြိမ်ရိုက်လျှင် ကွင်းကြေးအဖြစ် ငွေကျပ် တစ်သောင်းခွဲ ပေးဆောင်နေရသော်လည်း ဂေါက်သီး အရှိန်လွန်ပြီး ထွက်သွားမည်ကို စိုးရိမ်နေရသဖြင့် ကစားရာတွင် စိတ်လုံခြုံမှုမရှိကြောင်း အထက်ပါ အမျိုးသားက ပြောသည်။

“အခုက ဂေါက်ရိုက်သမားတွေက ကိုယ်ဖြစ်ကိုယ်ခံဖြစ်နေကြရတယ်၊ ကိုယ့်ကြောင့် သူများထိခိုက်မှုမရှိရင် အကောင်းဆုံးပဲလေ” ဟု ယင်းအမျိုးသား က ဆိုသည်။

ယခင်ကလည်း ဂေါက်ကွင်းအတွင်းမှ အရှိန်လွန်ထွက်လာသည့် ဂေါက်သီးကြောင့် လူထိခိုက်မှုအချို့ရှိခဲ့ကြောင်း ပုံမှန်လမ်းလျှောက်လေ့ရှိသူ အချို့ထံမှ သိရသည်။

ဂေါက်ကွင်းလမ်းတွင် ညနေပိုင်း၌ ပုံမှန်လမ်းလျှောက်လေ့ကျင့်ခန်းလုပ်သူ နေ့စဉ် ရာချီရှိနေသည်။