တစ်ကျော့ပြန် မြိတ်ကိုဗစ်

0
415
Dawei Watch, Dawei News, Dawei News Media

မြိတ်တွင် ပြီးခဲ့သည့်လက ၁၅ ရက်အတွင်း ကိုဗစ်ပိုးတွေ့လူနာ တစ်ရက်တစ်ဦးနှုန်း ရှိခဲ့သောကြောင့် အသွားအလာများကို ကြပ်မတ်ကန့်သတ်ခဲ့သည်။

စက်တင်ဘာလ ၁၄ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့ထိ ကိုဗစ်- ၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၁၅ ဦး ရှိခဲ့ခြင်းဖြစ်ပြီး ရောဂါတွေ့ရှိသူတို့နေ ထိုင်ကြသည့် လမ်းလေးလမ်းအား ၁၄ ရက်အကြာ အသွားအလာကန့်သတ်မှုများ ပြုလုပ်ခဲ့ရာ တစ်ပတ်ခန့် ငြိမ်သက် သွားခဲ့သည်။

ယင်းနောက် အောက်တိုဘာလ ၉ ရက်နေ့တွင် ကိုဗစ်ပိုးတစ်ကျော့ပြန် ဦးမော့လာခဲ့သည်။ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ခြောက်ရက်တာအတွင်း လူနာသစ် ကိုးဦး တိုးခဲ့သည်။

အောက်တိုဘာလ ၉ ရက်နေ့တွင် မြိတ်မှထွက်ခွာသွားသည့် ကုန်တင်ယာဉ် မောင်းတစ်ဦးမှာ ထားဝယ်မြို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ၎င်းနှင့် ထိတွေ့ ဆက်စပ်သူ ၁၈ ဦးအား ကိုဗစ်ပိုးစစ်ဆေး ခဲ့ရာ ပိုးမရှိကြောင်း မြိတ်ခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

စမ်းချောင်းဝန်ထမ်းရပ်ကွက်၊ ပန်းခြံ လမ်းရှိ အိမ်ဆိုင်ရောင်းချနေသူ အမျိုးသမီးတစ်ဦးနှင့် အဒွင်းကျေးရွာရှိ အထူးရဲ သင်တန်းမှ ရဲသင်တန်းသားတစ်ဦးတို့ တွင် အောက်တိုဘာလ ၁၂ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကိုဗစ်ပိုးတွေ့ရှိသူနေထိုင်သည့် လမ်းအား ၁၄ ရက်ကြာ အသွာအလာကန့် သတ်ထားကြောင်း သိရသည်။

ကန်ဖျားရပ် မေတ္တာရေစင်လမ်းနေ ပါရမီဈေးတွင် ကြက်သားရောင်းသူ အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ အမျိုးသား၊ ကြက်သားပေါက်များတင်ဆောင်လာသည့် ကုန်တင်ယာဉ်မောင်တစ်ဦးတို့ မှာလည်း အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။

မေတ္တာရေစင်လမ်းအား အသွားအလာကန့်သတ်ခဲ့ပြီး ပါရမီဈေးအား ခုနစ်ရက်ပိတ်ခဲ့ရသည်။ နောက် နှစ်ရက်အကြာတွင် ကြက်သားရောင်းသူ၏ မိသားစုဝင်သုံးဦးတွင်လည်း ပိုးတွေ့ရှိခဲ့ ရသည်။

မြိတ်ကုတင် ၁၀ဝ ဆံ့ အမှတ် ၅ တပ်မတော်ဆေးရုံ (၅/၁၀ဝ ဆေးရုံ)မှ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ တစ်ဦးအား အောက်တိုဘာလ ၁၄ ရက်နေ့က တွေ့ရှိခဲ့သည်။

မြိတ်ခရိုင်အတွင်းအတွင် အောက်တိုဘာလ ၁၅ ရက်နေ့အထိ မြိတ်တွင် ၂၄ ဦး၊ ကျွန်းစုတွင် ၁ ဦး၊ ပုလော ၅၆ ဦး စုစုပေါင်း ၈၁ ဦးအထိရှိကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။ ခရိုင်အတွင်း လေးမြို့နယ်ရှိသည့်အနက်ရှိ တနင်္သာရီ မြို့နယ်တစ်ခုသာ ကိုဗစ်ပိုးကင်းစင်နေသည်။

ယင်းကဲ့သို့ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများလာနေသည့်အတွက် ကူးစက်မှုမှကာကွယ်နိုင်ရန် အစား အသောက်ဆိုင်များအား ပါဆယ်စနစ် ပြန်လည်အသုံးပြုခြင်းနှင့် လူစုလူဝေး မပြုလုပ်စေခြင်းတို့အပြင် မြိတ်မှ သားငါးများအား တနင်္သာမြို့နယ်သို့ သယ်ယူ ရောင်းချခွင့်မရှိခြင်း၊ ကျန်းမာရေး ထောက်ခံချက်များပါရှိမှသာ မြို့ကျော် ဖြတ်သန်းခွင့်ပြုခြင်း၊ မြိတ်သို့ဝင်လာ မည့် ကုန်တင်ယာဉ်များပေါ်ပါသူများအား မြို့အဝင် ကဘင်းလမ်းဆုံတွင် စစ်ဆေးရေးဂိတ်ဖွင့်လှစ်ပြီး တို့ဖတ်ယူကာ စစ်ဆေးခြင်းတို့ကို လုပ်ဆောင် လျက်ရှိသည်။


ထို့ပြင် ပရဟိတအဖွဲ့အစည်းများမှ လမ်းဆုံးလမ်းခွတို့တွင် နေ့စဉ် နှာခေါင်း စည်းများ အခမဲ့ပေးဝေခြင်းနှင့် မြို့ပေါ် ရပ်ကွက် ကျေးရွာအချို့တို့အား ဝင်/ ထွက်ရာတွင် နှာခေါင်းစည်းများတပ် စေခြင်းနှင့် လက်သန့်ဆေးဖြန်းပေးခြင်း တို့အား ပြုလုပ်လာကြသည်။

မြင့်မိုရ်(မြိတ်)