စပိန်က ကိုဗစ် ဒုတိယလှိုင်း

0
354

ကိုဗစ်ကပ်ဘေး ကာလအတွင်း စပိန်ကို မူလက တင်းတင်းကျပ်ကျပ် အသွားအလာ ကန့်သတ်ထားသည်။ သို့သော် ကန့်သတ်မှုများ ပြန်ဖွင့်ပြီးနောက် ပိုးကူးစက်နှုန်း ခပ်မြန်မြန် ပြန်ဖြစ်လာ သည်။

အခုတော့ ဥရောပမှာ ကူးစက်မှုအများဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်လာ ပြီဖြစ်သည်။ ပြီးခဲ့သည့် နှစ်ပတ်အထိ စာရင်းအရ ပျှမ်းမျှ လူတစ်သိန်းမှာ ၁၄၂ ဦး ကူးစက်ခံနေရသည်။
ထိန်းချုပ် ကန့်သတ်မှုများ မဖွင့်မီ ဇွန်လ ၂၁ ရက်နေ့အထိ ကူးစက်မှုနှုန်း တစ်ရက်လျှင် ၁၀ဝ မှ ၁၅၀ အကြားသာ ရှိခဲ့သည်။ သို့သော် ယခုတော့ ၃၀ဝ၀ အထိ တက်လာသည်။
ကမ္ဘာပေါ်တွင် လူ ၂၄ သန်းခွဲ နီးပါး ရောဂါကူးစက်ခံခဲ့ရပြီး ရှစ်သိန်းကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။ ကူးစက်မှုနှုန်း ဆက်တက်ဆဲလည်း ဖြစ်သည်။

စပိန်သည်လည်း နောက်တစ်ကြိမ် ကူးစက်မှုနှုန်း ပြန်တက်လာပြီး ဒုတိယ လှိုင်းဖြစ်ရန် အခြေအနေသို့ ရောက်နေသည်။

စပိန်တွင် လူစုစုပေါင်း လေးသိန်းခွဲနီးပါး ရောဂါကူးစက်ခံရပြီး သုံးသောင်းနီးပါး သေဆုံးခဲ့ပြီးဖြစ်သည်။ တစ်သိန်းခွဲလောက်မှာ ပြန်ကောင်းလာကြပြီး ဖြစ်သည်။

ယခုအခါ စပိန်တွင် ကူးစက်မှု အများစုမှာ လူငယ်များတွင် အဖြစ်များလာသည်။ ကူးစက်ခံရသူ လေးပုံသုံးပုံမှာ ရောဂါလက္ခဏာ မပြကြပေ။

စပိန်အစိုးရကတော့ စိုးရိမ်ဟန်ပြ ပါသည်။ သို့သော် ကူးစက်ခံရသူစုစု ပေါင်း၏ ၃ ရာခိုင်နှုန်းသာ ဆေးရုံပြစရာ လိုသည်။ ဝ.၅ ရာခိုင်နှုန်းအောက်သော ကိုရိုနာပိုးရှိသူများသာ အထူးကြပ်မတ် ကူသမှုခံယူရန် လိုသည်။ သေဆုံးနှုန်း ကလည်း ဝ.၃ ရာခိုင်နှုန်းအောက်သာ ရှိသည်။
ထိန်းချုပ်ကန့်သတ်မှုများကို နွေရာသီ ခရီးသွားရာသီနှင့် အချိန်ကိုက်နီးနီး လျှော့ချလိုက်သော်လည်း ခရီးသွားလုပ်ငန်းက မည်မည်ရရ တက်မလာခဲ့ပေ။ ခရီးသွားများက စပိန်ကို ရှောင်နေကြဆဲ ဖြစ်သည်။

ယင်းကြောင့်ပင် ကမ်းခြေများမှ ကူးစက်မှုနှုန်း များများစားစား မရှိခဲ့ပေ။ ပင်လယ်ကမ်းခြေရှိသည့် ကတာလို နီးယားပြည်နယ်တွင် တစ်နိုင်ငံလုံးနှုန်းထက် ပိုများနေသည့်တိုင် ယင်းနယ်တွင် ကမ်းခြေမှ ကူးစက်မှု နည်းပါးခဲ့သည်။

သို့သော် စပိန်နိုင်ငံက ပြည်နယ်အချို့တွင်တော့ ကူးစက်ခံရမှု ရာနှုန်း ပိုများနေသည်။ ကာတာလိုနီးယားပြည်နယ်နှင့် ကပ်လျက် အာရာဂွန် ပြည်နယ်မှာ ကူးစက်ခံရမှု ရာခိုင်နှုန်း အများဆုံးဖြစ်နေပြီး လူတစ်သိန်းလျှင် ၅၀ဝ ဦးနှုန်း ကူးစက်ခံထားရသည်။

အာရာဂွန်ပြည်နယ်၏ မြို့တော် ဇာရာဂေါစမြို့တွင် ပြည်တွင်းအချင်းချင်း ကူးစက်မှုနှုန်းအများဆုံး ဖြစ်နေသည်။ ပြသနာမှာ နွေဦးအစပိုင်းတွင် စတင်သည်။ ဒေသအတွင်း စိုက်ပျိုးရေး လုပ်သားများ ထောင်သောင်းချီကာ ဥယျာဉ်ခြံအတွင်း ဝင်ရောက် လုပ်ကိုင်ရာမှ စတင်ခြင်း ဖြစ်သည်။

ရွှေ့ပြောင်းစိုက်ပျိုးရေးလုပ်ငန်းများအတွက် ကုမ္ပဏီများက နေရာထိုင်ခင်း မစီစဉ်ပေးခြင်းကြောင့် ကုမ္ပဏီများမှာ ဝေဖန်ခံနေရသည်။ စိုက်ပျိုးရေးနှင့် ထုပ်ပိုးရေး ကုမ္ပဏီများမှ အလုပ်သမားများမှာ ဖြစ်သလို နေထိုင်စားသောက်ရာမှ တစ်ဆင့် ပိုးပိုကူးစေကြောင်း သတင်းများ တွင် ဖော်ပြသည်။

ပိုဆိုးသည်မှာ ထိုပြည်နယ်တွင် လူအိုရုံ ၅၅ ရုံထက်မနည်းတွင် ရောဂါပိုး ကူးစက်ခံထားရနေခြင်း ဖြစ်သည်။

ဇွန်လတုန်းက အာရာဂွန်ပြည်နယ်တွင် ကိုဗစ်ရောဂါကြောင့် သေဆုံးမှု ၇၆၀ ဝန်းကျင်ရှိခဲ့ပြီး မက်ဒရစ်မြို့ထက် ၁၀ ဆ နည်းပါးသည်။ ယခု နွေရာသီတွင် ကန့်သတ်မှုများလျှော့ချလိုက်ရာမှာ ရောဂါကူးစက်မှု ပြန်ပြန့်လာခြင်း ဖြစ်သည်။ ထိုနှုန်းအတိုင်းသာဆိုပါက ဆောင်းရာသီတွင် စပိန်တွင် အမြင့်ဆုံး ဒုတိယလှိုင်း ဖြစ်သွားနိုင်သည်။

စပိန်တွင် နိုင်ငံရေးအရ မညီညွတ်မှုတွေ ရှိနေခြင်းကလည်း နောက်ထပ် ကပ်ဘေးဒုတိယလှိုင်းအတွက် စိုးရိမ်စရာ ဖြစ်နေသည်။ နိုင်ငံအစိုးရမှာ ဆိုရှယ်လစ်ပါတီမှ ဖြစ်ပြီး မက်ဒရစ်ဒေသ အစိုးရကို ကွန်ဆာဗေးတစ် ပေါ်ပြူလာ ပါတီမှ ချုပ်ကိုင်ထားသည်။ မက်ဒရစ်တွင် ပြည်သူ့ဆေးရုံစနစ် မနိုင်မနင်းဖြစ်ပြီး နောက်ရောဂါကူးစက်မှု တိုးလာသည်။ လူဦးရေထူထပ်သည့် ပြည်နယ်တစ်ခု ဖြစ်သည့် ကာတာလိုနီးရားထက်ပင် အသေအပျောက် ၅၀ ရာခိုင်နှုန်း များနေသည်။ နောက်အပတ်များတွင် မက်ဒရစ်တွင် ရောဂါဖြစ်ပွားမှု ပိုတိုးလာဖွယ်ရှိနေသည်။

အချို့ဒေသများတွင် အစိုးရအုပ်ချုပ်ရေး သဘောအရ အုပ်ချုပ်ရေးဆိုင်ရာ ကန့်သတ်မှုများ လုပ်ဆောင်ရန် အချိန် ယူရသည်။ ဒေသအလိုက် မတူကွဲပြားမှု များလည်း ရှိသည်။
အထက်တွင် ဖော်ပြထားသည့်အတိုင်း စပိန်တွင် လူငယ်များတွင် ရောဂါ ပိုး ပိုမိုတွေ့ရခြင်းမှာ ကန့်သတ်ထိန်းချုပ်မှုများ ဖွင့်ပြီးနောက် ပေါ်လာသော သောက်ပွဲစားပွဲများ၊ နိုက်ကလပ်များမှ အဓိကလာကြသည်။

ဘယ်ဘီအိုမြို့ရှိ နိုက်ကလပ်တစ်ခု မှ လူ၃၅၀ ကို စစ်လိုက်ရာ ၃၅ ဦးတွင် ပိုးတွေ့ခဲ့သည်။ ထိုနောက် ညကလပ်များကို ည ၁ နာရီနောက်ပိုင်းမဖွင့်ရန် အစိုးရက အမိန့်ထုတ်လိုက်ရသည်။

“ကလပ်မှာ အခြားညတွေလိုပဲ လူတွေတော်တော်များများက နှာခေါင်း စည်း မတပ်ကြပါဘူး။ ကနေတုန်း တောင် မတပ်ကြဘူး။ ကျွန်တော်လည်း ချွတ်ထားလိုက်တာပဲ” ဟု အသက်၁၈ နှစ်အရွယ် လူငယ်တစ်ဦးက ဆိုသည်။

စပိန်တို့မှာ တင်းကျပ်သော စည်းမျဉ်း စည်းကမ်းများကို လိုက်နာရန် ဇီဇာကြောင် သူများ ဖြစ်သည်။ အခုတော့ ယင်းစည်း ကမ်းများကို လျှော့လိုက်သဖြင့် လူအများ အပြင်ထွက်၊ အပျော်ရှာလာကြသည်။

“ကျွန်တော်က ကမ်းခြေနားက ဘားတစ်ခုမှာ အလုပ်လုပ်တာ။ အနီး အနားမှာ စုရုံးသောက်စားနေတဲ့၊ ဆေးလိပ် တူတူသောက်နေတဲ့ လူငယ်တွေ အများကြီးပဲ။ လူငယ်တွေက ဗိုင်းရပ်စ်ပြသနာ ဘယ်လောက် ကြီးနေတယ်ဆိုတာ သိပ်နားမလည်ကြဘူး” ဟု ကတာလိုနီးရား ပြည်နယ်၊ ဘာစီလိုနာမြို့မှ လူငယ် တစ်ဦးက ဆိုသည်။

နယ်တစ်ခုတွင်တော့ အိမ်တွေမှာ ပါတီ လုပ်ခွင့်ပိတ်ပင်ခြင်း၊ နေအိမ်ပြင်ပတွင် စုရုံးစားသောက်ခြင်းကို အစိုးရက တားမြစ်ထားသည်။

ညကလပ်နှင့် ဘားများတွင် အချုပ်အချယ် အကန့်အသတ်များသဖြင့် ထိုသို့သော နေအိမ်တွင်း ပါတီများ၊ စုရုံး သောက်စားပွဲများ ပြန်များလာသည်။ ယင်းကြောင့် မက်ဒရစ်တွင် ရဲများက နေအိမ်အတွင်း သောက်စားပွဲ ရှိကြောင်း သံသယရှိပါက လူစု ဝင်ခွဲခွင့် ပေးထားသည်။

ရောဂါကူးစက်ခံရမှုနှုန်း မြင့်လာခြင်းနှင့်အတူ ကန့်သတ်မှုတွေတော့ ပြန်လုပ်နေသည်။ သို့သော် မကြာမီ စပိန်တွင် ဒုတိယ လှိုင်းပြန်ဖြစ်လာဖို့ လမ်းမြင်နေသည်။ စက်တင်ဘာ အမီပြန် ကြပ်ဖို့ မလွယ်တော့ဟု အာဏာပိုင်တို့ကို ဆိုနေကြလေသည်။

Ref : BBC အင်တာနက် စာမျက်နှာပါ Coronavirus: Why Spain is seeing second wave ဆောင်းပါးကို မြန်မာမှုပြုထားပါသည်။