ကိုဗစ်ထောက်ပံ့ကြေးကိစ္စ အတိုင်ခံရသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးအမှု ခရိုင်ဆုံးဖြတ်ချက် စောင့်ဆိုင်း

0
526

လောင်းလုံးမြို့နယ်တွင် အခြေခံ လူတန်းစား ထောက်ပံ့ကြေးငွေကိစ္စဖြင့် အတိုင်ခံထားရသည့် တီဇစ်ကျေးရွာ အုပ်ချုပ်ရေးမှုးနှင့် (က) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှစ်ဦးကိစ္စ စစ်ဆေးပြီးဖြစ် ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး မှူးရုံးထံမှ သိရသည်။

တီဇစ်ကျေးရွာ အုပ်ချုပ်ရေးမှူးကိစ္စ စစ်ဆေးချက်များကို ထားဝယ်ခရိုင်အုပ် ချုပ်ရေးမှူးထံသို့ သြဂုတ်လ ၂၇ ရက်က တင်ပြထားပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူးက ပြောသည်။

“ခရိုင်က အဖွဲ့ဖွဲ့ပြီး စစ်ဆေးပါ ဆိုလို့ စစ်ဆေးပြီးတော့ တွေ့ရှိချက်တွေ တင်ပါဆိုလို့ မနေ့(သြဂုတ် ၂၇ ရက်)က တင်ပေးလိုက်ပြီ” ဟု ၎င်းက ဆို သည်။

တီဇစ်အုပ်ချုပ်ရေးမှူးသည် ကိုဗစ်ကာလ အခြေခံလူတန်းစားများကို ထောက်ပံ့ပေးသည့် ငွေကြေးနှင့် အခြားငွေကြေးများကို အလွဲသုံးစားလုပ်သည်ဟုဆိုကာ ကျေးရွာသား ၃၀ လက်မှတ်ထိုးပြီး သြဂုတ်လ ၇ ရက်က တိုင်ကြားခံ ထားရခြင်းဖြစ်သည်။

တိုင်ကြား၊ စစ်ဆေးခံရာတွင် ပါဝင်သူ တီဇစ်ရွာသားအချို့ကမူ ထွက်ဆိုချက်များအားလုံးကို မှတ်တမ်းမတင် ဟုဆို ကာ စစ်ဆေးရေးအဖွဲ့အပေါ် မကျေမနပ် ဖြစ်နေကြသည်။

“သူတို့က စစ်ဆေးတဲ့အချိန်မှာ ဒိုင်လူကြီးသဘောပဲဖြစ်ရမှာကို ကာကွယ် ပေးတာတွေ၊ ဆီးပေးတာတွေ စကားလုံး တွေ ပြောင်းပေးတာတွေမလုပ်သင့်ဘူးပေါ့” ဟု စစ်ဆေးခံရသူတစ်ဦးက ဆိုသည်။

(က) ရပ်ကွက် အုပ်ချုပ်ရေးမှူးမှာလည်း ကိုဗစ်ကာလ အခြေခံလူတန်းစား ထောက်ပံ့ကြေးငွေပေးရာတွင် မျှတ မှုမရှိဟုဆိုကာ တိုင်ကြားခံထားရသည်။

ယင်းအုပ်ချုပ်ရေးမှူးမှာ ထောက်ပံ့ကြေးပေးသည့် ကိစ္စတွင် အမှားအယွင်း အနည်းငယ်ရှိခဲ့သဖြင့် ရုံးသို့ ခေါ်ယူ သတိပေးခြင်း၊ အသိပေးခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူးက ပြောသည်။

တိုင်ကြားရာတွင် ပါဝင်သူတစ်ဦးဖြစ်သူ ဦးအောင်မြင့်ကမူ အုပ်ချုပ်ရေးမှူးအား ခေါ်ယူသတိပေးခြင်းထက် ထောက်ပံ့ကြေးမရသူ အခြေခံလူတန်းစားများကို မျှမျှတတ ထောက်ပံ့ကြေးရရှိရေးကိုသာ ပိုမိုလိုလားကြောင်းပြော ဆိုသည်။

လောင်းလုံးမြို့နယ်တွင် အထက်ဖော်ပြပါ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးသာ အခြေခံလူတန်စားထောက်ပံ့ ကြေးငွေကိစ္ဖဖြင့် အတိုင်ခံခဲ့ရကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ကျော်သူစိုး