သဲစုပ်ခြင်းကြောင့် ရွာအဝင်လမ်းထပ်ပြိုမည်ကို ရွာခံများစိုးရိမ်

0
382

မြစ်အတွင်း သဲစုပ်ခြင်းကြောင့် ကမ်းပါးထပ်ပြိုမည်ကို ရွာခံများစိုးရိမ် နေကြသည်။
မြိတ်မြို့၊ ကျွဲကူး-ကျောက်ဖြာ မြစ်အတွင်း လွန်ခဲ့သည့် တစ်လခန့်မှ စတင်ကာ အနည်းဆုံး လှေခုနစ်စီး ဝန်းကျင်က နေ့စဉ်သဲစုပ် နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် နှစ်နှစ်ခန့်မှ ယင်းသို့ သဲစုပ်ခြင်းကြောင့် ရေမြစ်ကြီးရွာအဝင် တောင်ပတ်လမ်း မြစ်အတွင်းသို့ ပြိုကျခဲ့ရပြီး လမ်းပြန်လည် ဖောက်လုပ်ခဲ့ရကြောင်း ယင်းရွာသား များကပြောသည်။

ဧည့်လမ်းညွှန်လိုင်စင် သက်တမ်းတိုးရန် အခက်ကြုံ

“ရွာအဝင်မိန်းလမ်း တစ်ခုလုံး မြစ်ထဲပြိုကျဖူးတော့ အခုလည်း စိုးရိမ် နေရတယ်” ဟု ရေမြစ်ကြီးရွာသား ဦးမြင့်စိုး က ပြောသည်။

ရေမြစ်ကြီးရွာသည် ကျောက်ဖြာ မြစ်ကမ်းနံဘေးတွင် တည်ရှိသည့် ရွာဖြစ်ပြီးရွာအဝင် အဓိကလမ်းကို မြစ်ကမ်းနံဘေး တောင်ကမ်းပါးတွင် ဖောက်လုပ်ထားသည်။

ရရှိသည့်သဲများကို ရေမြစ်ကြီးရွာအနီး မိကျောင်းတက်ရွာပိုင် ဆယ်ဧက ခန့်ရှိ ဓနိမြေနှင့် လုပ်ကိုင်ခြင်း မရှိတော့သည့် လယ်ယာမြေပေါ်တွင် သဲဖို့ခြင်းများ လုပ်ဆောင်နေသည်ကို မြင်တွေ့ရသည်ဟု ရေမြစ်ကြီးရွာသားများက ပြောသည်။

သဲစုပ်လှေ အများစုမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပေးထားသည့် လိုင်စင်များရှိနေကြပြီး အချို့မှာ မရှိဟု ကြားသိရကြောင်း စန္ဒဝတ်ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ဌေး က ပြောပြသည်။

ယင်းသို့ ဌာနမှ ခွင့်ပြုလိုင်စင်ရထား သည့်အတွက် မပြောသာဟု ၎င်းက ဆိုသည်။
“ပတ်ဝန်းကျင်နဲ့တော့ ပြဿနာ တက်ခိုင်းလို့ မရဘူး။ တက်ရင်တော့ လုပ်ငန်းနစ်နာမယ်လို့ ကျွန်တော်တို့ ဘက်ကပြောထားတာရှိတယ်” ဟု ၎င်းက ပြောသည်။

သဲစုပ်ခြင်းကြောင့် ရွာသားများ လုပ်ကိုင်နေသည့် ကျားဖောင်များအတွင်း အမှိုက်သရိုက်များ ဝင်ရောက်လျက်ရှိကာ ယခင်လို ငပိကောင်များ မရတော့ကြောင်းလည်း ရွာသားများက ပြောသည်။

“ရေလမ်းကြောင်း တည့်တည့်က စုပ်နေတယ်ဆိုတော့ ကြာရင်လမ်းမကြီးပါ ပြန်ပြိုလာနိုင်တယ်” ဟု ယင်းရွာနေ ဦးထွန်းထွန်းဝင်းက ပြောသည်။

ရေမြစ်ကြီးရွာတွင် အိမ်ခြေပေါင်း ရှစ်ရာခန့်ရှိပြီး တံငါလုပ်ငန်း၊ ဥယျာဉ်ခြံ လုပ်ငန်းနှင့် လယ်ယာစိုက်ပျိးရေးလုပ်ငန်းများ လုပ်ကိုင်ကြကာ ဆက်သွယ်သွားလာခြင်းနှင့် ကုန်ထုတ်ခြင်းအတွက် အဆိုပါလမ်း တစ်ခုတည်းသာ အားထားနေရသည်ဟု ရွာသားများ ထံမှသိရ သည်။

ကိုဆန်း