ပိုမိုဘေးကင်းလုံခြုံသော ကိုဗစ်လွန်ကမ္ဘာဆီသို့

0
276

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုနှင့် သေဆုံးမှုများမှာ ကမ္ဘာတစ်ဝန်း၌ အရှိန်ကောင်းကောင်းဖြင့် တိုးနေဆဲဖြစ် သည်။ မျိုးဗီဇ ပြောင်းလာသော အသွင်သစ်ဗိုင်းရပ်စ်က ကူးစက်နှုန်း ပိုမြန်သဖြင့် ဒုတိယလှိုင်း အန္တရာယ်က စိုးရိမ်စရာ ကောင်းလှသည်။

သို့သော် တစ်ဘက်၌လည်း ကာကွယ်ဆေး ရှာဖွေထုတ်လုပ်မှုဆိုင်ရာ သတင်းကောင်းများ ခပ်စိပ်စိပ် ကြားလာရသည်။ ရုရှားအစိုးရက ကိုဗစ်-၁၉ ကာကွယ် ဆေးအား အချိန်အတိုဆုံးဖြင့် ဖော်ထုတ် အတည်ပြုခဲ့သလို တရုတ်၊ အင်္ဂလန်နှင့် အိန္ဒိယတို့သည်လည်း ၎င်းတို့ ရှာဖွေ ဖော်ထုတ်နေသည့် ကာကွယ်ဆေးများ၏ အလားအလာကောင်းကို ထုတ်ဖော် သတင်းပါးလျက်ရှိသည်။

အချိန်တိုတွင်း ကပ်ဘေးဆိုးကြီး အဆုံးသတ်သွားမည်ဟု မမျှော်လင့်နိုင် သေးသည့်တိုင် ကိုဗစ်လွန်ကာလတို့ ကမ္ဘာမြေသို့ အနှေးနှင့် အမြန် ရောက်လာဦးမည် ဖြစ်ပါသည်။
ကိုဗစ်လွန်ကမ္ဘာဆီသို့ မျှော်ကြည့်သည့်အခါ ရှင်သန်နေထိုင်မှု ပုံစံဟောင်းကို ပြန်လည်တမ်းတခြင်းထက် မျိုးဆက် သစ်များအတွက် ပိုကောင်းသော အနာဂတ်ကို မည်သို့ တည်ဆောက်ကြမည်ကိုသာ ဦးစားပေး စဉ်းစားရပါမည်။

ကပ်ရောဂါက မညီမျှသော ကမ္ဘာကြီးကို အစွန်းနှစ်ဘက်ဆီသို့ ပိုမိုတွန်းပို့ ပေးခဲ့သည်။

ကျန်းမာရေးမှသည် စီးပွားရေး၊ ပညာရေး၊ လူမှုရေး ကသောင်းကနင်း အခြေအနေများအား လူတန်းစားအလွှာ အသီးသီး ကြုံနေရခြင်းဖြစ်သော်လည်း ကြေးရတက်လူချမ်းသာများ ခံရသည့် ကပ်ဘေးဒဏ်နှင့် လူဆင်းရဲ ကျောမွဲများ ကြုံဆုံရသည့် ဘေးဒဏ်တို့ သက်ရောက် မှုခြင်း မတူကြပါ။

အခြေခံလူတန်းစား အများစုအတွက် ဆင်းရဲတွင်း နက်သည်ထက် နက်လာချိန်တွင် ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးများက ကပ်ရောဂါကို အခြေပြု၍ ကြွယ်ဝမှုတန်ဖိုး တရိပ်ရိပ်တိုးနေခြင်းက မညီမျှသော ကမ္ဘာကြီး၏ ကွာဟမှုကို ထင်ထင်ရှားရှား လှစ်ဟပြနေသည်။

ကပ်ဘေးလွန်ကမ္ဘာကို ပြန်တည်ဆောက်သည့်အခါ ထိုမညီမျှမှုများကို ရင်ကြားစေ့ပေးရန် လိုသလို နိုင်ငံအချင်းချင်း၊ လူမှုအသိုင်းအဝန်း အချင်းချင်းကြား၌ ပေါင်းစည်းဆောင်ရွက်ခြင်းဖြင့်သာ ပိုကောင်းသော အနာဂတ်အား မျိုးဆက်သစ်များထံ ချန်ရစ်ခဲ့နိုင်ပါလိမ့်မည်။

ပိုကောင်းသော အခြေနေသစ်သို့ ချီရာလမ်းတွင် ထည့်သွင်းစဉ်းစားစရာ နည်းလမ်းငါးသွယ် ရှိပါသည်။

မြေကမ္ဘာကို ကာကွယ်ပါ
ကူးစက်မြန် ကပ်ဘေးဆိုးတို့ လူသားထံသို့ ရောက်လာခြင်းတွင် တောတောင်ရေမြေနှင့် လူတို့အကြား သဟဇာတ မဖြစ်မှုက အခြေခံအကြောင်းတစ်ခု ဖြစ်ပါသည်။ သဘာဝ၀န်းကျင် ပျက်စီးလာသည့်အခါ လူတို့နှင့် ခပ်ခွာခွာတွင် ရှိနေသော ပိုးမွှားများသည် ရပ် ကြိုမြို့ကြားသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့သည်။

ခလုတ်ထိမှ အမိတခြင်း ဖြစ်သော် လည်း ကပ်ရောဂါကြောင့် သဘာဝပတ်ဝန်းကျင်၏ တန်ဖိုးအား လူတို့ ပိုမို သိရှိ အလေးထားလာခြင်းက အပေါင်းရလဒ် ဟု ဆိုနိုင်သည်။ သဘာဝ ပတ်ဝန်းကျင် တိုးတက်ကောင်းမွန်လာသည်ကို မြင်လို တွေ့လို ခံစားလိုစိတ် ပိုလာကြသည်။

လူသားတို့ စားဝတ်နေရေး၊ စီးပွားရေးအတွက် ကမ္ဘာကြီးအခက်ကြုံနေရပုံကို နားလည်ရုံမျှမက ကျန်းမာကြံ့ခိုင် သော စိမ်းစိုလတ်ဆတ်သော အသွင်သစ် ကမ္ဘာကြီး ဖြစ်လာအောင် ဖန်တီးလိုစိတ်များလည်း ပြင်းပြလာကြသည်မှာ ဝမ်းမြောက်စရာ ဖြစ်သည်။

ယိုယွင်းနေသော ကမ္ဘာမြေအား ပြန်လည်ကုစားရန် ကျွန်ုပ်တို့၏ နေထိုင်ပြုမူပုံများကို ပြန်သုံးသပ်ရပါမည်။

ထို့နောက် နေပျော်သော ကမ္ဘာကြီး ပြန်ဖြစ်လာစေရေး လက်တွေ့ကျသော၊ ကုန်ကျစရိတ် မကြီးမားသော၊ လွယ်လွယ် အကောင်အထည်ဖော်နိုင်သော နည်းနာများကို ရှာဖွေဖော်ထုတ်ရပါမည်။ မြေကမ္ဘာနှင့် လူသားတို့ ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေး လိုအပ် သော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရပါမည်။

ပြန်ပြည့်မြဲ စွမ်းအင်ကိုသာ ကိုးစားပါ
ရေနံ၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ စသည့် ဟိုက်ဒရိုဂျင်ကာဗွန် အရောအနှောဖြစ်သော ကျောက်ဖြစ်ရုပ် ကြွင်း လောင်စာများ၏ ဘေးထွက်ဆိုးကျိုးက သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု မည်မျှကြီးမားကြောင်း ကပ်ရောဂါက လက်တွေ့ပြသခဲ့ပြီး ဖြစ်သည်။

ရုပ်ကြွင်းလောင်စားသုံးစွဲမှု ရပ်လိုက်သည့် ခဏတွင် ကမ္ဘာ့လေထု၊ ရေထုတို့ မည်မျှ တိုးတက် ကောင်းမွန် လာသည်ကိုလည်း တွေ့မြင်ခဲ့ရပြီး ဖြစ်ပါသည်။ ရုပ်ကြွင်းလောင်စာကို စွန့်ခွာ၍ ရေအား၊ လေးအားနှင့် နေရောင်ခြည် ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် များအား ပိုမိုကိုးစားရန် ယခုအချိန်ထက် ပိုကောင်းသော အချိန် မရှိနိုင်တော့ပါ။

နေအိမ်၊ အလုပ်ရုံ၊ စာသင်ကျောင်းနှင့် ဆေးရုံများ လိုအပ်သည့် စွမ်းအင်ကို ပြန်ပြည့်မြဲ စွမ်းအင်အရင်းအမြစ်ထံမှ ရယူသုံးစွဲခြင်းက မြေကမ္ဘာနှင့် လူသားတို့ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် နည်းလမ်းဖြစ်သည်။ အစွန်အဖျား ဒေသများမှ တိုင်းသူပြည်သားတို့ထံသို့လည်း စွမ်းအင်ရောက်အောင် ပြန်ပြည့်မြဲ စွမ်းအင်အရင်းအမြစ်များက ခပ်မြန်မြန် ဆောင်ကြဉ်းပေးနိုင်ပါသေးသည်။

အစားအစာ ထုတ်လုပ်မှုစနစ်ကို ပြင်ဆင်ပါ
ကပ်ရောဂါကို နဖူးတွေ့ ဒူးတွေ့ ကြုံရသည့်အခါ လူသားတို့နှင့် အစားအစာ ထုတ်လုပ်မှု ကွင်းဆက်များအကြား ဟာကွက်များကို မျက်ဝါးထင်ထင် မြင်လာရပါသည်။ လက်ရှိ ကျွန်ုပ်တို့ ဖန်တီးထားသည့် စိုက်ပျိုးထုတ်လုပ်မှု စနစ်သည် အန္တရာယ်ကို လက်ယပ် ခေါ်နေခြင်းပင် ဖြစ်နေသည်။

ဧရာမ စိုက်ပျိုးရေး မွေးမြူရေး စနစ်များကြောင့် မြေဆီလွှာနှင့် ရေ အရင်းမြစ်တို့ ညစ်နွမ်းခမ်းခြောက်ရ သလို ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝမှုကိုလည်း ဆုတ်ယုတ်ပျက်စီးစေခဲ့သည်။ အကယ်စင်စစ် ထိုစနစ်ထက် ပိုကောင်းသော ရွေးချယ်စရာများ ရှိပါသေးသည်။

ဓာတုမြေသြဇာနှင့် ဆေးဝါးများကို ရှောင်ကြဉ်ခြင်း၊ သီးညှပ်စိုက်ပျိုးခြင်း၊ သီးနှံပဒေသာ စိုက်ပျိုးခြင်းတို့ဖြင့် မြေဆီလွှာနှင့် ရေအရင်းမြစ် ပျက်စီးမှုကို ကာကွယ်ပေးရုံသာမက ပိုမိုကောင်းမွန် လတ်ဆတ်သော မြေဆီလွှာကိုပင် ရရှိနိုင် ပါသည်။

ဤနည်းအားဖြင့် ပျိုးပင်၊ စိုက်ခင်း၊ လယ်ယာကွင်းများကို အမှီပြုသော လူသားအကျိုးပြု ပိုးမွှား၊ တိရစ္ဆာန်တို့ ဘေးကင်းလုံခြုံပြီး လူသားတို့ ဘေးကင်းလုံခြုံမှုကိုပါ တစ်ပါတည်း ဆောင်ကြဉ်းပေးလိမ့်မည်မှာ သေချာပါသည်။

ဤနည်းက မြေကမ္ဘာနှင့် လူသားတို့ အတူတကွ ချစ်ကြည်ရင်းနှီးစွာ ယှဉ်တွဲနေထိုင်ခြင်းလည်းဖြစ်သည်။

အကယ်၍ ပကတိ ရှိရင်းစွဲ အခြေအနေများအား ပြုပြင်ပြောင်းလဲရန် ပျက်ကွက်မည်ဆိုပါက လူသား၊ မြေလွှာ နှင့် တိရစ္ဆာန်တို့အကြား ကမောက်ကမ ဆက်ဆံရေးက ကပ်ဘေးဆိုးသစ်ကို မွေးဖွားပြီး ကမ္ဘာ့နေရာစုံ၊ ထောင့်စုံမှ လူသားများအတွက် အန္တရာယ်သစ်များ ခေါ်လာဦးမည်ကို အလေးအနက် မှတ်သားထားရပါလိမ့်မည်။

လုပ်ငန်းခွင်ကောင်းကို ဖန်တီးပါ၊ စွန့်ဦး တီထွင် အားပေးပါ
လုပ်ငန်းခွင်နှင့် လူ့အသိုက်အဝန်း ဆက်နွယ်မှု မည်မျှ အရေးကြီးသည်ကို ပို၍ နားလည်လာကြမည်ဟု မှတ်ယူပါသည်။ ဝင်ငွေနိမ့်ပါးပြီး လူအများစု ရှောင်ကြဉ်ကြသော လုပ်ငန်းခွင်များ၏ အခြေအနေသည် လူ့အသိုက်အဝန်းအတွက် အရေးကြီးသော အလုပ်များ ဖြစ်နေပါသည်။

ဥပမာ စည်ပင်သာယာ လုပ်ငန်းခွင်များရှိ လုပ်သားများသည် ဝင်ငွေနိမ့် လူတန်းစားများ ဖြစ်နေတတ်သလို ၎င်းတို့လုပ်ငန်းခွင်များ၏ ဘေးကင်းလုံခြုံမှု အခြေအနေမှာလည်း တွေးဆ ကြည့်ရုံမျှဖြင့် သိနားလည်နိုင်ပါသည်။

လူတိုင်း မျှတသောဝင်ငွေ၊ သင့်တင့်သော ပိုင်ဆိုင်မှုနှင့် လူ့အသိုင်းအဝိုင်းသို့ ပြန်လည် မျှဝေနိုင်စွမ်းတို့ ပိုင်ဆိုင်သင့် ပါသည်။ ယင်းသို့ ပိုင်ဆိုင်နိုင်မှသာ ၎င်းတို့မိသားစုဝင်များ၏ လူမှုစီးပွား ကိုယ်ခံစွမ်းအားများကိုလည်း မြှင့်တင် ပေးနိုင်ပါလိမ့်မည်။

ဤနေရာတွင် စွန့်ဦးတီထွင်သူများက အရေးပါသော နေရာတွင် ရှိသည်။

သူတို့သည် အပြောင်းအလဲကို ဖန်တီးနိုင်စွမ်းရှိပြီး အတွေးသစ်၊ အမြင်သစ်ဖြင့် အလုပ်အကိုင်သစ်များဖြင့် သူတို့ ဆက်စပ်နေသော လူ့အသိုင်းအဝိုင်းအတွက် အခွင့်အရေးများ သယ်ဆောင် လာနိုင်သူများ ဖြစ်ကြသည်။ အစိုးရနှင့် လုပ်ငန်းရှင်ကြီးများ၊ ဖောင်ဒေးရှင်းများက စွန့်ဦးတီထွင်သူများကို ကူညီထောက် မကြရန် လိုအပ်သည်။

မည်သူမျှ မကျန်ရစ်စေရ
မျိုးဆက်သစ်များအတွက် ပိုကောင်းသော မြေကမ္ဘာကို ဖန်တီးပုံဖော်သည့်အခါ မည်သည့် အစုအဖွဲ့၊ တစ်ဦးတစ် ယောက်မျှ ကျန်ရစ်မနေစေသင့်ပါ။ အထူးသဖြင့် ဒုက္ခသည်များသည် ကပ်ဘေးဒဏ်ကို ပိုခံရနိုင်သူများ ဖြစ်နေတတ် သည်။

လူ့အဖွဲ့အစည်းတိုင်းကို အညီအမျှ ကာကွယ်ပေးနိုင်မှသာ အားလုံးကို အကာအကွယ်ပေးနိုင်လိမ့်မည်။ ဒုက္ခသည်များ၊ ဘေးဒဏ်အမျိုး မျိုးတို့ကြောင့် နေရာရွှေ့ပြောင်း အခြေချ၊ ခိုလှုံသူများအား ကာကွယ်ပေးသလို ၎င်းတို့အား လက်ခံထားရသည့် လူမှုအဖွဲ့အစည်း အသိုင်းအဝိုင်းကိုလည်း ပို၍ ခိုင်မာအားကောင်းလာစေရန် ပံ့ပိုး ကူညီရပါမည်။

အခက်အခဲ အကြပ်အတည်းတို့ ကြုံရချိန်တိုင်းတွင် လူစွမ်းကောင်းများ၊ တစ်နည်းအားဖြင့် ခံနိုင်ရည်ရှိသော ဝန်းကျင်သစ်နှင့် လိုက်လျောညီထွေဖြစ်သော လူအသိုင်းအဝိုင်းတို့ ပေါ်လာစမြဲ ဖြစ်သည်။ ပိုမိုဘေးကင်း လုံခြုံသော ကိုဗစ်လွန်ကမ္ဘာဆီသို့ ချီရာလမ်းများ ရှိပါသည်။
နိုင်ငံအချင်းချင်း၊ လူ့အသိုင်းအဝိုင်း အချင်းချင်း ပေါင်းစည်းဆောင်ရွက်ခြင်းက အဖြေဖြစ်သည်။

ကိုးကား- Five pathways to a better future after COVID-19
https://www.weforum.org/agenda/2020/06/five-pathways-to-a-better-future-after-covid-19/

ကိုစော