ကိုဗစ်နိုင်တင်း ကပ်ရောဂါကို ထိုင်းတို့ ဘယ်လိုအနိုင်ယူခဲ့လဲ

0
302

တရုတ်နိုင်ငံတွင် စတင်တွေ့ရှိသော ကပ်ရောဂါ ကမ္ဘာသို့ ခြေဆန့်ချိန် အဦးဆုံး လက်ခံရသူက ထိုင်းနိုင်ငံဖြစ်သည်။ ကမ္ဘာ လှည့်ခရီးသွားလုပ်ငန်းက နိုင်ငံ့စီးပွားရေး ပင်မထောက်တိုင် တစ်ခုဖြစ်ရာ ကိုဗစ်နိုင်တင်း သတင်းဆိုးက ထိုင်းတို့အတွက် ချောက်ချားစရာ အတိ။
ကပ်ရောဂါဘေးဆိုးမှ ထိုင်းတို့ လွတ်လမ်းမမြင်ဟူ၍လည်း အစိုးရိမ်ပိုသူများ မနည်းမနော။

ကိုဗစ်နိုင်တင်း ထိုင်းနိုင်ငံသို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာချိန်က ဇန်နဝါရီလ ၁၇ ရက်။ တရုတ်တွင် ရောဂါပိုးတွေ့ရှိပြီး တစ်လမပြည့်မီ သန်း ၇၀ သော ထိုင်းပြည်သူတို့ထံ အိပ်မက်ဆိုးများ သယ်ဆောင်လာခဲ့သည်။

အစိုးရ တာဝန်ရှိသူများက မနက်ဖြန် ဘာဆက်လုပ်ရမလဲ မသိနိုင်အောင် အခက်ကြုံနေခဲ့သလို နိုင်ငံရေးသမားများကလည်း မမြင်နိုင်သည့် ကပ်ဘေးဆိုးကို အသုံးချ၍ ပြိုင်ဘက်တို့အပေါ် နိုင်ငံရေး အမြတ်ထုတ်ရန် လုံးပန်းနေခဲ့သည်။

လူငယ်နိုင်ငံရေးသမားများက အစိုးရကို ဖြုတ်ချလိုနေပြီး ပြည်သူနှင့် အစိုးရတို့ အကြား ယုံကြည်မှုက နိမ့်ပါးလွန်းနေသည်။ ခန့်မှန်းကြသည်က ဤညွန့်ပေါင်းအစိုးရသည် ကိုဗစ်နိုင်တင်းကို အရှုံးပေးရလိမ့်မည်ဟူ၍ ဖြစ်သည်။

ထိုသို့သော ဗရုတ်သုတ်ခ အခြေအနေ မျိုးတွင် ခြွင်းချက်တစ်ခု ရှိနေခဲ့သည်။
ယင်းမှာ ဆရာဝန်၊ သူနာပြုနှင့် ကူးစက်ရောဂါ ကျွမ်းကျင်ပညာရှင်များ အပါအဝင် နယ်ပယ်အသီးသီးမှ ကျန်းမာရေး ဝန်ထမ်းများက ကပ်ဘေးဆိုးအတွက် သွေးပျက်မနေသလို လိုအပ်ချက်များအတွက်လည်း စောဒက တက်မနေခဲ့ကြပါ။

မခေါ်ဘဲ ရောက်လာသည့် ဧည့်သည်ဆိုးကို ရင်ဆိုင်ထိန်းချုပ်ရန် သူတို့ အသင့်ရှိခဲ့ကြသည်။ ၂၀ဝ၃ ခုနှစ်က ဆားစ်ရောဂါပိုးကို တွန်းလှန်တိုက်ဖျက်ခဲ့သလို ရာသီပေါ် ရောဂါဆိုး အမျိုးမျိုးကိုလည်း သူတို့ကိုင်တွယ် ဖြေရှင်းခဲ့ကြပြီး ဖြစ်သည်။

အကယ်စင်စစ် ထိုင်းနိုင်ငံတွင် ခိုင်မာအားကောင်းသော ကျန်းမာရေးလုံခြုံ မှုစနစ်တစ်ခု ရှိနေခြင်း ဖြစ်ပါသည်။

တစ်ကမ္ဘာလုံး အနေအထားအရ ရောဂါပိုးကူးစက်မှု အရှိန်ကောင်းနေဆဲ ဖြစ်သော်လည်း ထိုင်းနိုင်ငံတွင် ပြည်တွင်း ကူးစက်မှုမရှိအောင် ထိန်းချုပ်နိုင်ခဲ့သည်မှာ တစ်လခန့် ရှိပြီဖြစ်သည်။ စုစုပေါင်း ရောဂါကူးစက်ခံရသူ သုံးထောင်စွန်းစွန်း ရှိနေပြီး သေဆုံးသူက ငါးဆယ်ကျော် ရှိခဲ့သည်။

ကမ္ဘာတစ်ဝန်း၌ ကူးစက်ခံရသူ ဆယ်သန်းနီးပါး ရှိလာပြီး သေဆုံးသူ ငါးသိန်းခန့် ရှိနေချိန် နိုင်ငံတကာနှင့် ကူးလူးဆက်ဆံမှု များပြားသော ထိုင်းတို့၏ ကပ်ရောဂါဆိုင်ရာ ကိန်းဂဏန်းက လေးစားလောက်ဖွယ် ဖြစ်သည်။

ယခုတော အစိုးရ၏ ကပ်ရောဂါ ထိန်းချုပ်တုန့်ပြန်ရေး စွမ်းဆောင်ရည် အပေါ် ပြည်သူနှင့် သတင်းမီဒီယာတို့က ချီးကျူးဩဘာ ပေးနေကြပြီ ဖြစ်သည်။ ကိုဗစ်နိုင်တင်းအပေါ် ထိုင်းတို့ အောင်ပွဲတွင် လျှို့ဝှက်ချက် အချို့ကို ပြောပြလိုပါသည်။

ရပ်ရွာ ကျန်းမာရေး စေတနာ့ဝန်ထမ်းများ

ထိုင်းနိုင်ငံတွင် ကျေးရွာပေါင်း ခုနစ်သောင်းခွဲကျော်ရှိပြီး ကျန်းမာရေး စေတနာ့ဝန်ထမ်းပေါင်း ဆယ်သိန်း လေးသောင်းကျော် ရှိပါသည်။ သူတို့အများစုက မိန်းမသားများ ဖြစ်ကြပြီး ရပ်ရွာအကြောင်းကိုလည်း ကောင်းကောင်း သိကြသည်။

စေတနာ့ဝန်ထမ်းတစ်ဦးလျှင် အိမ်ထောင်စု ဆယ်စုခန့်အထိ တာဝန်ယူကာ ကပ်ရောဂါနှင့် ပတ်သက်သည့် နောက်ဆုံး ပြောင်းလဲဖြစ်ပေါ်နေသည့် အခြေအနေ အရပ်ရပ်ကို တစ်အိမ်တက်ဆင်း ရှင်းပြကြ သည်။ ထိုသို့ ရှင်းပြရင်း အိမ်သားများ အထူးသဖြင့် သက်ကြီးရွယ်အိုများကို ကျန်းမာရေးကို စစ်ဆေးပေးသည်။

ရပ်ရွာသို့ ဝင်ထွက်သွားလာမှု အားလုံးက စေတနာ့ဝန်ထမ်းများ၏ စောင့်ကြည့်မှု အောက် ရှိနေပြန်သည်။

ထို့အပြင် စေတနာ့ဝန်ထမ်း အားလုံးက သက်ဆိုင်ရာ နယ်မြေကျန်းမာရေးဌာန တာဝန်ရှိသူများနှင့် နီးနီးကပ်ကပ် ချိတ်ဆက်ဆောင်ရွက်နေပြီး ပြည်နယ် ၇၇ ခုလုံးတွင် ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနများ ဖွင့်လှစ်ထားရှိသည်။

ဤသို့ ခိုင်မာအားကောင်းသော ကျန်းမာရေး လုံခြုံမှုစနစ်က ကပ်ရောဂါ ကူးစက်ပျံ့နှံ့မည့် အန္တရာယ်ကို တိတိကျကျ အကာအကွယ်ပေးနိုင်ခဲ့ပါသည်။ အကယ်၍ စေတနာ့ဝန်ထမ်း အမျိုးသမီးတစ်ဦးက နောင်တွင် နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်ပြီး ထိုင်းဝန်ကြီးချုပ် ဖြစ်ခဲ့ပါလျှင် ကပ်ရောဂါထိန်းချုပ်ရေး အောင်မြင်မှုများဖြင့် ထင်ရှားနေသော နယူးဇီလန်၊ ဂျာမနီတို့မှ အမျိုးသမီး ခေါင်းဆောင်များကို ယှဉ်နိုင်ပါလိမ့်မည်။

ကပ်ရောဂါသတိ အပြည့်ရှိခြင်း

ကိုဗစ်နိုင်တင်း ခုခံတွန်းလှန်ရေး စစ်ပွဲတွင် ထိုင်းနိုင်ငံသည် Universal Precaution ဟု ဆိုသည့် ကပ်ရောဂါသတိ အပြည့်ဖြင့် လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ အကာအကွယ်ပစ္စည်းများ အသုံးပြုစေကာ စည်းကမ်းသတ်မှတ်ချက်များ ပြည့်ပြည့်ဝ၀ ချမှတ်ဆောင်ရွက်ခဲ့သည့် တစ်ခုတည်းသော အာဆီယံနိုင်ငံဟု ဆိုနိုင်ပါသည်။

လူတိုင်း အချိန်ပြည့် နှာခေါင်းစည်း တပ်ဆင်ထားရန် ဆော်ဩခဲ့သလို တစ်ကိုယ်ရည်သန့်ရှင်းမှု အလေးထားရန် လည်း ပထမဆုံးသော ကိုဗစ်လူနာတွေ့ရှိ ပြီး ချက်ချင်း အသိပေး တိုက်တွန်းခဲ့သည်။ ဤနည်းလမ်းဖြင့် အချင်းချင်း ကူးစက်ခံရမှုကို အောင်အောင်မြင်မြင် တားဆီးနိုင် ခဲ့သည်။

ကြိုတင်ကာကွယ်မှုကြောင့် ကိုဗစ် လူနာနှင့် ထိတွေ့သူများကိုသာ ရောဂါပိုး ရှိ မရှိ စစ်ဆေးရန် လိုအပ်ပြီး တစ်နေရာ ရောဂါတွေ့နိုးနိုး လိုက်စစ်ရန် မလိုခဲ့ပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ ထိုင်းနိုင်ငံသည် ကိုဗစ်လူနာ တစ်ဦးလျှင် ထိတွေ့ နိုင်သူ တစ်ရာ့ငါးဆယ်ခန့်အထိ ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။

တကယ်တော့ ကပ်ရောဂါ မဖြစ်မီကတည်းက လေထုညစ်ညမ်းမှု အန္တရာယ်ကြောင့် ထိုင်းတို့ နှာခေါင်းစည်း တပ်ဆင်ခြင်း အလေ့အထကို ရှိနေခဲ့ပြီး ကိုဗစ်ကို တိုက်ထုတ်ရာတွင် ဟန်ကျခဲ့သည်။

ပြည်သူ့အင်အား၊ ပြန်ကြားရေး

တကယ်တော့ လူထု၏ ပူးပေါင်းမှုနှင့် ပါဝင်ဆောင်ရွက်မှုသာ မရှိခဲ့လျှင် ကိုဗစ် တိုက်ပွဲ၏ ရလဒ်က တစ်မျိုးတစ်မည် ဖြစ်နေပါလိမ့်မည်။ ဆရာဝန်များ၊ ကျွမ်းကျင်သူများ ချမှတ်သည့် စည်းမျဉ်းအတိုင်း ထိုင်းတို့ လိုက်နာနေထိုင်ခဲ့သည်ကို မှတ်သား ထားရပါမည်။

တစ်ဖန် ကပ်ရောဂါ အခြေအနေ နေ့စဉ် ရှင်းလင်းပွဲများတွင် ပြောရေးဆိုခွင့် ရှိသူက ကျန်းမာရေး ဗဟုသုတနည်းပါးပြီး အကောင်းမြင်စိတ် မရှိခဲ့လျှင်လည်း ရောဂါကာကွယ်ရေး ထိရောက်မည်မဟုတ်ပါ။ ရောဂါကူးစက်မှု ကနဦး နှစ်လတာတွင် အထက်ပါ အခြေအနေကြုံခဲ့ပြီးနောက် အစိုးရက ဆရာဝန်တစ်ဦးအား ပြောရေးဆို ခွင့်ရှိသူအဖြစ် တာဝန်ပေးခဲ့ချိန်တွင် ရလဒ်များ သိသိသာသာ တိုးတက်ပြောင်းလဲ ခဲ့ပါသည်။

ကနဦး အချိန်များတွင် ရောဂါကူးစက်မှု အရေအတွက်နှင့် ပတ်သက်၍ အစိုးရအပေါ် မီဒီယာများက သံသယရှိနေခဲ့ပြီး ဖုံးကွယ်ထားမှုများ ရှိနေသည်ဟု မြင်ခဲ့ကြသည်။ နောက်ပိုင်းတွင် ပြောရေးဆိုခွင့်ရ ဒေါက်တာ တဝီးလ်ဆစ် ရှင်းလင်း ဖြေကြားပုံကောင်းများက အခြေအနေကို အကောင်းဘက်သို့ ဦးလှည့်နိုင်စေခဲ့သည်။

ကိုဗစ်ကပ်ရောဂါအတွက် ထိုင်းတို့တွင် ကျန်းမာရေးအမြင်၊ ကြိုတင်ကာကွယ်မှု စသည့် ခံနိုင်ရည်များ ကောင်းစွာရှိနေခဲ့သည်။ သို့သော် ခြွင်းချက်အားဖြင့် ညမထွက်ရ အမိန့်ကို ချိုးဖောက်သူ နေ့စဉ် ရာနှင့်ချီခဲ့ ကြောင်းလည်း ဝန်ခံရမည်ဖြစ်သည်။ အများစုက ယမကာသမားနှင့် လောင်းကစားသမားများ ဖြစ်သည်။

ခေါင်းဆောင်မှု အရည်အချင်း

ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ အစိုးရမှာ ကိုဗစ်နိုင်တင်း တိုက်ဖျက်ရေးတွင် အမှတ်ပြည့်ရခဲ့သည်။ သက်ဆိုင်ရာ ဒေသအဆင့် အာဏာပိုင်များ၏ စီမံဆောင်ရွက်မှု စွမ်းရည်ကြောင့်လည်း ရလဒ်ကောင်းခဲ့သူဟု ဆိုကြသည်။

မည်သို့ဆိုစေ ကပ်ရောဂါ တိုက်ဖျက်ရေးတွင် ကျန်းမာရေး ကျွမ်းကျင်ပညာရှင် များအား နေရာပေးခဲ့သည့် ဗိုလ်ချုပ်ကြီး ပရာယွတ်ကို အသိအမှတ်ပြု ချီးကျူးထိုက် ပါသည်။ သူသာ ထိုသို့ လုပ်ပိုင်ခွင့်အာဏာ မပေးဘဲ တစ်နည်းတစ်ဖုံ ဆောင်ရွက်လိုခဲ့လျှင် ဆောင်ရွက်ခွင့်အာဏာ သူ့ထံ၌ အပြည့်အဝ ရှိသည်။

ပြည်တွင်းပြည်ပ မီဒီယာများက အာဏာသိမ်း ဗိုလ်ချုပ်ကြီးဖြစ်ခဲ့သူ လက်ရှိ ဝန်ကြီးချုပ်အား တော်တန်ရုံ အသိအမှတ်မပြုလို မချီးကျူးလိုကြပေ။ ကိုဗစ်နိုင်တင်း ကာကွယ်ရေး အစောပိုင်းကာလ၌ ဌာနဆိုင်ရာ အသီးသီးက သူတစ်လူငါတစ်မင်း ဖြင့်ခေါင်းဆောင်မှု ပျောက်နေပြီး ဝန်ကြီးချုပ်က ဗဟိုထိန်းချုပ်ကာကွယ်ရေး အဖွဲ့ ဖွဲ့စည်းပေးပြီး နောက်ပိုင်းမှသာ ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများ စုစည်းညီညာစွာ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ချိန်သားကိုက် ဆောင်ရွက်နိုင်မှု

ကပ်ရောဂါ တိုက်ဖျက်ရေးတွင် လော့ခ်ဒေါင်းနှင့် အသွားအလာကန့်သတ် ခြင်း စနစ်များကို ချိန်သားကိုက် လုပ်ဆောင်နိုင်ခြင်းကလည်း အရေးပါခဲ့သည်။ အကန့် အသတ် အတားအဆီးများ ချမှတ်ရာတွင် မလျော့မတင်း ဆောင်ရွက်နိုင်ခဲ့သည်။

အရေးပေါ်အခြေအနေ ကြေညာသည့် မတ်လ နှောင်းပိုင်းကာလတွင် ပြည်သူအများစု က အစိုးရအပေါ် သံသယ ရှိနေသေးသည်။ အစိုးရက အရေးပေါ်ကာလတွင် အာဏာ အလွဲသုံးစားပြုမူမည်ကို စိုးရိမ်ကြခြင်း ဖြစ်သည်။ ကန့်သတ်ပိတ်ပင်မှုများကို ပြန်လည်ဖြေလျှော့ရာ၌လည်း အစိုးရ၏ တစ်ဆင့်ချင်း ဖြေလျှော့မှု အစီအစဉ်က အလုပ်ဖြစ်ခဲ့သည်။

ပြည်ပရောက် ထိုင်းနိုင်ငံသားများအား အမိမြေသို့ ပြန်ခေါ်ချိန်၌ ရောဂါပိုး ကူးစက်သူများ ပါလာခြင်းကြောင့် ဝေဖန်သံများ ထွက်ခဲ့သော်လည်း အစိုးရ၏ ဂရုစိုက် စီမံမှုကြောင့် ထပ်ဆင့်ကူးစက်ပျံ့နှံ့မှုများ ဖြစ်မလာခဲ့ပါ။

ယုံကြည်ကိုးကွယ်ပုံစံအချို့ကလည်း ကိုဗစ်ကို တွန်းလှန်ရာ၌ အသုံးဝင်ခဲ့သည်။
သာမန် ထိုင်းပြည်သူတို့၏ အမြင်၌ ကူးစက်ရောဂါပိုးဖြင့် သေဆုံးသူသည် လူကောင်းမဟုတ်၊ စုန်းကဝေကဲ့သို့ ထင်မြင် စွပ်စွဲခံရလေ့ရှိရာ သာမန်ပြည်သူတို့က ကိုဗစ်ကူး၍ သေမည်ကို အရာအားလုံးထက် ကြောက်လန့်ခဲ့ကြသည်။

ကိုဗစ်ကြောင့် သေပြီး နာမည်ဆိုးတွင်ခဲ့ မည်ကို လုံးဝ မလိုလားကြပေ။ ထိုအကြောက် တရားက ကိုဗစ်နိုင်တင်း ကာကွယ်ရေးတွင် အလုပ်ဖြစ်ခဲ့ပါသည်။

ကိုဗစ်နိုင်တင်း ထိုင်းမြေသို့ ရောက်ရှိအပြီး ငါးလကျော်အကြာ၌ ထိုင်းတို့က လော့ခ်ဒေါင်းကို ရုပ်သိမ်းလိုက်နိုင်ပြီဖြစ် သည်။ ညမထွက်ရအမိန့်ကို ပယ်ဖျက်ပြီးဖြစ်သလို ခရီးသွားကဏ္ဍအပါအဝင် စီးပွားရေး လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေးအတွက်လည်း အစွမ်းကုန် ပြင်ဆင်နေပြီဖြစ်သည်။

(ထိုင်းနိုင်ငံမှ နာမည်ကျော် သတင်းစာ ဆရာ ကဝီ၏ Bangkok Post သတင်းစာ ဆောင်းပါးကို ကိုစော ဘာသာပြန်ဆိုသည်။ ကိုစောမှာ ရန်ကုန် အခြေစိုက်သတင်းစာ ဆရာတစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံရှိ နာမည်ကျော် သတင်းစာတစ်စောင်၏ မြန်မာနိုင်ငံ ဌာနေ သတင်းထောက်အဖြစ် တာဝန်ထမ်း ဆောင်လျက်ရှိသည်။ မူရင်း ဆောင်းပါး၏ ခေါင်းစဉ်မှ 7 secrets of Thai Covid-19 success)

အယ်ဒီတာ