လွှတ်တော်ကိုယ်စားလှယ် သက်တမ်းပြည့်က ပိုင်ဆိုင်မှုစာရင်းတင်ပြမည်ဟု ဦးဇော်ဟိန်းပြော

0
473

လွှတ်တော်ကိုယ်စားလှယ် ငါးနှစ် သက်တမ်းပြည့်သည့်အချိန်တွင် ပိုင်ဆိုင်မှုစာရင်းများကို အင်န်အယ်ဒီပါတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် ကျွန်းစုမြို့နယ် မဲဆန္ဒနယ်အမှတ် ၇ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကိုယ်စားလှယ်မဖြစ်ခင်အချိန်တွင် ပိုင်ဆိုင်မှုစာရင်းများကို ပါတီသို့ တင်ပြထားရပြီး လွှတ်တော်သက်တမ်း ငါးနှစ်ပြည့်ချိန်တွင် ကိုယ်စားလှယ် လောင်းများ၏ ပိုင်ဆိုင်မှုစာရင်းများကို တင်ပြရန် ညွှန်ကြားမှု မရှိသေးကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောပြသည်။

“ညွှန်ကြားချက် ရှိရှိ၊ မရှိရှိ တင်ပြ မယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောသည်။

ယခင်တင်ပြထားသည့် စာရင်းများ နှင့် ပြန်လည်နှိုင်းယှဉ်ပြီး တိုးတက်မှု ရှိမရှိကို ပြည်သူများသိရှိနိုင်ရန် ပြန်လည်တင်ပြရခြင်း ဖြစ်ကြောင်း ဦးဇော်ဟိန်းက ပြောပြသည်။

“ပြည်သူလူထုကို အမြင်ရှင်းစေချင်တဲ့ ဆန္ဒနဲ့တင်ပြတာပေါ့” ဟု မဲဆန္ဒ နယ်အမှတ် ၇ ဖြစ်သည့် ကျွန်းစုမြို့နယ် ပဲ့တိုင်ကျေးရွာနေ အသက် ၄၀ နှစ်ရှိ မဲဆန္ဒရှင် အမျိုးသားတစ်ဦးက ပြောသည်။

သို့သော် အခြားတစ်ဘက်ကကြည့် မည်ဆိုပါက ကိုယ်စားလှယ် တင်ပြသည့်စာရင်းကိုသာ ပြည်သူများ သိရှိနိုင်မည်ဖြစ်ပြီး ပိုင်ဆိုင်မှုများအား အခြားနာမည်များဖြင့် ပြုလုပ်ထားသည်များ ရှိပါက သိရှိနိုင်မည်မဟုတ်ကြောင်း အထက်ပါမဲဆန္ဒရှင် အမျိုးသားတစ်ဦးက ပြောပြသည်။

ဦးဇော်ဟိန်းသည် ၂၀၂၀ ရွေးကောက် ပွဲတွင် လက်ရှိ မဲဆန္ဒနယ်မှ ပြန်လည် ဝင်ပြိုင်သွားမည် ဖြစ်သည်။

“လူထုကို ယုံကြည်မှုပြတဲ့ သဘော လို ထင်တယ်” ဟု မဲဆန္ဒရှင် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် အင်န်အယ်ဒီပါတီမှ ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများ အား မရွေးချယ်ရသေးကြောင်း ဦးဇော်ဟိန်းက ပြောပြသည်။

မြင့်မိုရ်(မြိတ်)