ငါးမဖမ်းရရာသီ ကမ်းဝေးလှေအားလုံး ဖမ်းခွင့်ပိတ်၊ ကမ်းနီးလှေများသာ ဖမ်းနိုင်

0
864

မြန်မာ့ပင်လယ်ပြင် ငါးဖမ်းလုပ် ကွက်အများစုတွင် ၃လ တိတိငါးမဖမ်းရ ရာသီအဖြစ်သတ်မှတ်ပြီး ကမ်းဝေး ငါးဖမ်းလှေများ ငါးဖမ်းဆီးခြင်းမပြုရန် ပြည်ထောင်စုငါးလုပ်ငန်း ဦးစီးဌာနက တားမြစ်မိန့် ထုတ်ပြန်လိုက်သည်။

ငါး/ပုစွန်သားပေါက်ဖွားသည့်ရာသီအချိန်တွင်ငါးနှင့်သက်ရှိသယံဇာတများထိန်းသိမ်းနိုင်ရေး အတွက် မြန်မာ့ ပင်လယ်ငါးလုပ်ငန်း ရေပြင်အတွင်းရှိငါး ဖမ်းကွက်များအတွင်း ပြည်တွင်း/ပြည်ပ ကမ်းဝေးငါးဖမ်းရေယာဉ်များအားလုံး ဇွန်လ၁ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့ ထိ သတ်မှတ်ဧရိယာအတွင်းငါး မဖမ်းရ ကာလ/ငါးမဖမ်းရ ဧရိယာအဖြစ်ထုတ် ပြန်လိုက်ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းတွင်၂၀၁၈ခုနှစ်နှင့် အထိကမ်းဝေးငါးဖမ်းလှေကုမ္ပဏီများ၏ ငါးဖမ်းလှေများကို ရာခိုင်နှုန်းအလိုက် (ဥပမာ- ကုမ္ပဏီပိုင်လှေအားလုံး၏၂၀ ရာခိုင်နှုန်း) ငါးဖမ်းခွင့်ပြုခဲ့သော်လည်း ၂၀၁၉ခုနှစ်နှင့် ယခု၂၀၂၀ခုနှစ်တို့တွင် ရာနှုန်းပြည့် ငါးဖမ်းခွင့်ပိတ်လိုက်ခြင်း ဖြစ်သည်။

ကမ်းနီးငါးဖမ်းလှေများမှာငါးဖမ်း ဆီးခွင့်ရှိနေမည် ဖြစ်သည်။

“တစ်ရာရာခိုင်နှုန်းပဲ။ ကမ်းဝေးငါး မဖမ်းလှေပဲပိတ်တာပါ။ ကမ်းနီးလှေ မပါဘူး” ဟုတနင်္သာရီတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတစ်ဦး က ပြောသည်။

ကမ်းနီးငါးဖမ်းလှေကို လှေအလျား ပေ၄၀၊ လှေမောင်းစက်အား မြင်းကောင် ရေ၅၀ ကောင်နှင့်အောက်သတ်မှတ်ထားသည်။

တနင်္သာရီတိုင်းရှိတစ်နိုင်တစ်ပိုင် ကမ်းနီးငါးဖမ်းလှေအချို့မှာယင်းသတ် မှတ်ချက်ထက် ကျော်လွန်နေကြသည်။

ထားဝယ်ခရိုင်အတွင်းကမ်းနီးငါးဖမ်းလှေ၁၈၀၀ ကျော်ရှိပြီး၁၀၀၀ ကျော် မှာအထက်ပါ ငါးဖမ်းလိုင်စင်မရသည့် ပြဿနာနှင့်ရင်ဆိုင်နေရသည်။

ယင်းသို့ ကျော်လွန်ခြင်းမှာပင်လယ် ပြင်တွင်ရာသီဥတုပြောင်းလဲခြင်း၊ ကမ်းနီး တွင်ငါးဖမ်းဆီးရရှိမှု ကျဆင်းလာခြင်း၊ ငါးဖမ်းလုပ်ငန်းခွင် အလှမ်းဝေးလာခြင်း စသည့်အခက်အခဲများကြောင့် လှေနှင့် စက်အင်အားများ ယခင်ထက်ပိုမိုကြီး မားအောင်တည်ဆောက်တပ်ဆင်လာရခြင်းတို့ကြောင့် ဖြစ်ကြောင်း လှေပိုင်ရှင်များက ပြောကြသည်။

အသစ်ရေးဆွဲနေသည့်ငါးလုပ်ငန်း ဥပဒေမှာလည်းအမျိုးသားလွှတ်တော်တွင် သောင်တင်နေပြီး ယင်းဥပဒေမူကြမ်းတွင်ကမ်းနီးငါးဖမ်းရေလုပ်သားများလို လားနေသည့်အချက်များမပါဝင် သေး ပေ။

လက်ရှိတွင်ထိုအရွယ်လွန်ကမ်းနီး ငါးဖမ်းလှေများကပင်လယ်ပြင်တွင် အရဲစွန့်ကာ ငါးထွက်ဖမ်းနေကြပြီး ဖမ်းမိပါက လှေပိုင်ရှင်များနှင့်လှေသားများ ထောင်ကျခြင်း၊ ဒဏ်ရိုက်ခံရခြင်း၊ ပစ္စည်းအသိမ်းခံရမှုများအဆက်မပြတ် ဖြစ်ပေါ်နေသည်။

ငါးမွေးရာသီအတွင်းယခုကဲ့သို့ ကမ်းဝေးလှေအားလုံးကို ငါးဖမ်းခွင့်ပိတ် ခြင်းကိုကြိုဆိုကြောင်းနှင့် နောင်နှစ်တွင် ကမ်းနီးငါးဖမ်းလှေများပါငါးဖမ်းခွင့် ပိတ်ရန် ပြည်ထောင်စုသို့အဆိုပြုထားကြောင်း ကော့သောင်းခရိုင်ငါးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌဦးမင်းလွင်က ပြောသည်။

“နောက်နှစ်ဆိုကမ်းနီးစက်တပ် လှေတွေလည်း ပိတ်ဖို့အဆိုပြုထားတယ်” ဟု ဦးမင်းလွင်က ပြောသည်။

Dawei Watch