မွန်တွင် လူစုလူဝေးလုပ်သူကို စတင် အရေးယူ

0
355

လူစုလူဝေးဦးဆောင်ပြုလုပ်ခဲ့သည့် မွန်ပြည်နယ်ကျိုက်မရောမြို့နယ် ကော့ခလိန်းကျေးရွာအုပ်စု ကြာအင်းချောင်းကျေးရွာနေ ဦးဇော်မင်းကို စတင်တရားစွဲဆိုလိုက်သည်။


ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည့်အပေါ် လိုက်နာမှုမရှိသည့် ဦးဇော်မင်းကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥပဒေ ပုဒ်မ ၃၀(က) ဖြင့် ကျိုက်မရောမြို့နယ် အုပ်ချုပ်ရေးမှူးမှ ဧပြီလ ၁ ရက်က တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။


“မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ကျွန်တော်က ဒီဟာနဲ့ ပတ်သက်ပြီး ဥပဒေအရာရှိနဲ့ ညှိနှိုင်းပြီးတော့မှ ဘယ်ဥပဒေနဲ့ငြိလဲပေါ့။ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀(က) နဲ့ ငြိစွန်းမှုရှိတဲ့အတွက် ဒါကို ၃၀(က)နဲ့ တရားစွဲဆိုဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်”ဟု ကျိုက်မရောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ကပြောသည်။


ဘုရားထီးတော်တင်ပင့်ဆောင်သည့်ကိစ္စကို ကျေးရွာခံအချို့တို့မှ မတ် လ ၂၉ ရက်က ရပ်ကျေးအုပ်ချုပ်ရေးမှူးထံ အသိပေးခဲ့မှုအပေါ် ရပ်ကျေးအုပ်ချုပ်ရေးမှူးမှ လတ်တလောတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မဖြစ်ပွားစေရေးအတွက် မြို့နယ်ရုံးမှ လူစုလူဝေးဖြင့်ဆောင်ရွက်သည့်ကိစ္စများ မပြုလုပ်ရန်ညွှန်ကြားထားသည့်အတွက် လူစုလူဝေးဖြင့် ဆောင် ရွက်၍မရကြောင်း တားမြစ်ခဲ့သည်။


သို့သော်လည်း မတ်လ ၃၀ ရက်က ကြာအင်းချောင်းကျေးရွာနေ ဦးဇော်မင်းမှ ဦးဆောင်၍ ရွာသူ/သား ၁၅၀ ဦးခန့်တို့သည် မော်တော်ယာဉ် ၁၈ စီးနှင့် ဆောင်းဘောက်စ်တင်ကား ၂ စီးဖြင့် ဘုရားထီးတော်တင်ပင့်ဆောင်ရန် လူစုလူဝေးပြုလုပ်ခဲ့သည်။


ဆောင်းဘောက်စ်တင်ကား ၂ စီးကိုလည်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးမှ ရပ်/ ကျေးဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဟုလည်း ကျိုက်မရောမြို့နယ်အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။


ပြည်သူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့်တပြေးညီ ထုတ်ပြန်ထားသည့် အသိပေးချက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများဖြစ်သည့် ရာဇာသတ်ကြီးဥပဒေ၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ၊ သဘာဝဘေးအန္တ ရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေဖြင့်အရေးယူမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့က မတ်လ ၂၈ ရက်က ထုတ်ပြန်ထားသည်။


အဆိုပါ ထုတ်ပြန်ချက်သည် ဧပြီ လ ၃၀ ရက်ထိ အတည်ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။