သင်္ကြန်ရေမပက်ရန် အစိုးရ မေတ္တာရပ်ခံ

0
287

သင်္ကြန်ကာလအတွင်း ရေလောင်း၊ ရေပက်ခြင်းမပြုရန် တနင်္သာရီတိုင်းအစိုးရအဖွဲ့က မေတ္တာရပ်ခံလိုက်သည်။

လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားနေသဖြင့် ကလေးသင်္ကြန်အပါအဝင် သင်္ကြန်ပွဲတော်ကာလတွင် ရေလောင်း၊ ရေပက်ခြင်းမပြုရန် မေတ္တာရပ်ခံခြင်းဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ရုံး ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။

တိုင်းအစိုးရအဖွဲ့၏ မေတ္တာရပ်ခံချက်စာကိုလည်း မကြာမီထုတ်ပြန်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သင်္ကြန်ပွဲတော်တွင် ရေပက်ခြင်းမှာ ယဉ်ကျေးမှုအပေါ် အခြေခံပြုလုပ်သည့်အတွက် အရေးယူမှုမလုပ်ဆောင်ဘဲ မေတ္တာရပ်ခံခြင်းဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောသည်။

“ယဉ်ကျေးမှုပွဲဖြစ်နေလို့ မေတ္တာရပ်ခံတာပါ”ဟု ၎င်းက ဆိုသည်။

သင်္ကြန်ပွဲတော်ကာလအတွင်း မဏ္ဍပ်ကြီးများ၊ အုန်းလက်မဏ္ဍပ်များ မဆောက်ရန်၊ ရေပက်ခံကားများဖြင့် မလည်ပတ်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ရအဖွဲ့ကလည်း ထုတ်ပြန်ထားသည်။

ယင်းအပြင် ထိုသို့မလုပ်ဆောင်စေရေးကြပ်မတ်ရန် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများကလည်း ရပ်ကွက်/ကျေးရွာများကို ညွှန်ကြားထားသည်။

သင်္ကြန်ကာလအတွင်း အုန်းလက်မဏ္ဍပ်အပါအဝင် မည်သည့် ရေကစားမဏ္ဍပ် ဆောက်လုပ်ရေကစားခြင်းနှင့် ရေပက်ခံယာဉ်ဖြင့် လူစုလည်ပတ်ခြင်းခွင့်မပြုကြောင်း မြိတ်မြို့တွင် သက်ဆိုင်ရာ ရပ်၊ကျေး အုပ်ချုပ်ရေးမှူးများက ပြည်သူများအား အသိပေးအကြောင်းကြားစာ ဖြန့်ဝေလျက်ရှိသည်။

လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ယင်းအကြောင်းကြားစာတွင် ဖော်ပြထားသည်။