ထားဝယ် နာရီစင်ဒီဇိုင်း အကြံပြုချက်တောင်း

0
443

ထားဝယ်မြို့နယ်စည်ပင်သာယာရေးကော်မတီက ထားဝယ်မြို့၊ ရှမ္မလည်ဆွဲလမ်းဆုံတွင် နာရီစင်တည် ဆောက်ရန် ဒီဇိုင်းပုံစံလေးမျိုးကို ထုတ်ပြန်ပြီး ပြည်သူများ၏ အကြံပြုချက်ကို တောင်းခံလိုက်သည်။

ယင်းနာရီစင်ကို ရှမ္မလည်ဆွဲ ဆီဆိုင်အရှေ့ရှိ ပန်းခြံတွင် တည်ဆောက်ရန် လျာထားပြီး ဒီဇိုင်းအနေအထားအပေါ် ပြည်သူများ၏ အကြံပြုချက်တောင်းခံ ခြင်းဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးအောင်ကိုဦးက ဆိုသည်။

“ပုံစံလေးမျိုးရှိတာပေါ့။ အဲဒါ အဆိုပြုချက်ပေါ့၊ လိုအပ်တာလေးတွေ ပြည်သူကို အကြံပြုနိုင်တယ်ဆိုပြီး ပေးထားတာပေါ့၊ ပြည်သူရဲ့ အသံကို နားထောင်တာပေါ့၊ အကြံပြုချက်တွေ ယူပြီးတော့ ဒီဇိုင်းတွေပြန်ပြီး ပြန်မွမ်းမံတာ လုပ်မှာပေါ့”ဟု ဦးအောင်ကိုဦးက ပြောသည်။

နာရီစင်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အထွေထွေပိုလျှံရန်ပုံငွေမှ ငွေကျပ်သိန်း ၅၅၀ ခန့် အကုန်အကျခံ တည်ဆောက်ရန် လျာထားပြီး စည်ပင်သာယာရေးအဖွဲ့ကပင် တည်ဆောက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ကော့သောင်းတွင်လည်း နာရီစင် အဟောင်းဖြိုဖျက်ပြီး အသစ်ဆောက်ရန် စီစဉ်နေသည်။

ထားဝယ်မြို့ရှိ စည်ပင်သာယာရေးအဖွဲ့ အဆောက်အအုံတွင် ရှေးဟောင်း နာရီစင်ရှိနေပြီးဖြစ်သည့်အတွက် အသစ်ဆောက်ရန် မလိုအပ်ဟု ထင်ကြောင်း ထားဝယ်မြို့နေ ဦးအောင်နိုင်ဦးက ပြောသည်။

“ဂန္တဝင်ဖြစ်နေတာကြီးကို သေသေချာချာမလုပ်ဘဲနဲ့ နာရီစင် နှစ်ခုသုံးခုရှိလို့ ဘာအဓိပ္ပာယ်ရှိမှာလဲဗျာ”ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

လက်ရှိ ရှေးဟောင်းနာရီစင်ကိုပင် ရှေးမူမပျက် ပြုပြင်မွမ်းမံသင့်ကြောင်း ၎င်းက ပြောသည်။

နာရီစင်အသစ် တည်ဆောက်ရန် မလိုအပ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ Facebookစာမျက်နှာတွင် မှတ်ချက်ပြုသူ အများအပြားရှိနေသည်။

Dawei Watch