သစ္စာရှိ ဘောလုံးပရိသတ်တွေအတွက် ရောဂါ

0
444

စနေ၊ တနင်္ဂနွေမှာ ဘောလုံးပွဲစွဲစွဲမက်မက် ကြည့်တတ်သည့် ဘောပွဲချစ်သူများအတွက်တော့ သတင်းဆိုးပင်။

ဘောလုံးကစားသမားတွေထက် ဘောလုံးပွဲကြည့်သူတွေက စိတ်ဖိအား ပိုများသည်ဟု ဆိုလေသည်။

အထူးသဖြင့်တော့ အသင်းတစ်သင်းတည်းကို စွဲစွဲလမ်းလမ်းအားပေးသူတွေ သည် ကျန်းမာရေး ပိုထိနိုင်သည်ဟုဆိုသည်။ အောက်စ်ဖို့အခြေစိုက် သုတေသန အဖွဲ့တစ်ခုက ၂၀၁၄ ဂျာမနီ ကမ္ဘာ့ဖလားတွင် ဘရာဇီးပရိသတ်များကို လေ့လာချက်အရ ဘရာဇီးတို့ ဂျာမနီကို ၇ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော အကြိုဗိုလ်လုပွဲတွင် ဘရာဇီးပရိသတ်များမှာ သွေးတိုးရောဂါ နှင့် နှလုံးရောဂါ တိုးစေသော ဟိုမုန်း ဓာတ်များ မြင့်တက်လာခဲ့သည်။

ရုတ်တရက်ဆိုပါက အမျိုးသားများက ဘောလုံးပွဲပိုကြိုက်၊ ဘောလုံးပွဲ ပိုကြည့်သဖြင့် ပိုရောဂါဆိုးနိုင်သည်ဟု ယူဆနိုင်သော်လည်း ယခု ဆန်းစစ်ချက်အရ ရောဂါတိုးလာနှုန်းတွင် အမျိုးသားနှင့် အမျိုးသမီး အတူတူပင် ဖြစ်သည်။

“အသင်းစွဲကြီးတဲ့ ပရိသတ်၊ ငါတို့ အသင်းကွဆိုတဲ့ ပရိသတ်တွေက ပွဲကြည့်တဲ့အခါ ပိုဆိုးတဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားရနိုင်ပါတယ်”ဟု အောက်စဖို့မြို့ အခြေစိုက် လူမှုပေါင်းစပ်မှုဆိုင်ရာ လေ့လာသော စင်တာမှ သုတေသီတစ်ဦး ဖြစ်သူ ဒေါက်တာ မာသာနယူဆွန်က ဆိုသည်။

အသင်းစွဲသိပ်မကြီး၊ အမြဲတမ်း လိုလို စွဲစွဲလမ်းလမ်း အားပေးလေ့မရှိ သော ပရိသတ်များမှာ ဖိအားအတန် အသင့်ရှိသည့်တိုင် အလွန်အကျွံမဖြစ် တတ်ဟုဆိုသည်။

ဘောလုံးပွဲအားပေးရာမှ ဖြစ်လာသော ဖိအားကြောင့် ဖြစ်နိုင်သော ရောဂါများမှာ နှလုံးသွေးကြော ကျဉ်းစေနိုင်ခြင်း၊ သွေးတိုးစေနိုင်ခြင်းနှင့် နှလုံးအားနည်းစေနိုင်ခြင်းတို့ ဖြစ်နိုင်သည်။

ဘောလုံးကြောင့်ဖြစ်သော ဟိုမုန်းတက်လာပါက ခံစားရသူမှာ သေကိန်း ကြုံအံ့သကဲ့သို့သော ဝေဒနာ၊ တစ်စုံတစ်ခု တိုက်ခိုက်ခံရနိုင်သည်ဟု ထင်မြင်သော ဝေဒနာများ ခံစားရနိုင်သည်။

ကလပ်အသင်းကို အားပေးသည် ဖြစ်စေ၊ နိုင်ငံအသင်းကို အားပေးသည် ဖြစ်စေ ကိုယ်အားပေးသည့် အသင်း၏ ကံကြမ္မာကို အတော်ကို အဆုံးအဖြတ်ပေးနိုင်သော အရေးတကြီး ပွဲစဉ်များတွင် ရောဂါပိုတိုးလေ့ရှိသည်။

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် အသင်းအားပေးသူများကိုလည်း အင်္ဂလန် အခြေစိုက် အဖွဲ့တစ်ခုက သုတေသန ပြုခဲ့ဖူးသည်။ အာဆင်နယ်၊ မန်ချက် စတာ စီးတီး၊ စပါးနှင့် လီဗာပူးလ် အားပေးသော ပရိသတ်များကို လွန်ခဲ့သော နှစ်ပိုင်းအတွင်းက သုတေသနပြုခဲ့ ခြင်း ဖြစ်သည်။ လန်ဒန်၊ မန်ချက်စတာ နှင့် လီဗာပူးလ်မြို့များရှိ ဘီယာဘား များတွင် ဘောလုံးပွဲကြည့်သူများ၊ သက်ဆိုင်ရာ ဘောလုံးကလပ်အသင်း များ၏ ကွင်းအတွင်းသို့ ကိုယ်တိုင် ကိုယ်ကျ သွားရောက် ဘောပွဲကြည့်သူ များတွင် အသေးစားမှတ်တမ်းတင်စက်များ တပ်ဆင်စမ်းသပ်ခဲ့သည်။

ပျမ်းမျှအားဖြင့် ဘောလုံးပရိသတ်များသည် ကိုယ့်အသင်း ဂိုးသွင်းခံရပါက နှလုံးခုန်နှုန်း နှစ်ဆခွဲ မြန်လာ (၁၄၅.၅ ရာခိုင်နှုန်းတက်)ပြီး ကိုယ့်အသင်းက ဂိုးသွင်းပါက နှလုံးခုန်နှုန်း သုံးဆကျော် တက်လာ (၂၁၅.၅ ရာခိုင်နှုန်း တက်လာ)သည်ကို တွေ့ရှိခဲ့ရသည်။

ကိုယ်အားပေးသော အသင်းအကြောင်း၊ ဘောလုံးသမားအကြောင်း ပိုသိလေလေ၊ သူတို့နှင့် စိတ်အားဖြင့် နီးကပ်သော ဆက်ဆံရေး ပိုရှိလေလေ ကိုယ့်ရောဂါပိုတိုးလေလေ ဖြစ်သည်။ အသင်းတစ်သင်းကို နှစ်ပေါင်းများစွာ ကြာရှည်အားပေးလာသော အမာခံပရိသတ်များဆိုပါက ၎င်းတို့ အသင်း ရလဒ်ကောင်းမထွက်ဘဲ ရုန်းကန်နေရ ပါက ရောဂါဘေးဖြစ်နိုင်ချေပိုများပြီး ကိုယ်ခံအားစနစ်ကိုပင် ထိခိုက်နိုင်စေ သည်ဟုဆိုသည်။ ဗြိတိန်က နာမည်ကျော် The Sun သတင်းစာကတော့ လတ်တလော မန်ချက်စတာယူနိုက်တက် ပရိသတ်များ ခံစားနေရပုံကို ဥပမာပေးသည်။

“ပုံမှန်အားဖြင့် ကစားသမား တစ်ယောက်က ကိုယ်ရှေ့မှာ တစ်ခုခု ဖြစ်ပျက်နေတာ မြင်ပြီဆို နှလုံးခုန်နှုန်း ပိုတိုးတော့တာပါပဲ။ ဘာလို့ဆို ကွင်းထဲမှာ သွားကြည့်တော့ ပိုအားစိုက် လှုပ်ရှား မိတာကိုး”ဟု သုတေသီ တစ်ဦးဖြစ်သူ ဂျုအိုရေလီက ဆိုသည်။

ဆိုလိုသည်မှာ ရုပ်မြင်သံကြားမှ ဘောလုံးပွဲ ကြည့်သည်ထက် ကွင်းအတွင်း သွားကြည့်သည်က နှလုံးခုန် နှုန်းပိုမြန်စေသည်။

ပရိသတ်များက ထိုသို့ နှလုံးခုန် နှုန်းအတက်အကျ အမြန်ဖြစ်လေ့ရှိသော် လည်း ကစားသမားများကမူ ထိုမျှအထိ နှလုံးခုန်နှုန်းအဆက်အကျ မြန်လေ့ မရှိကြောင်း တွေ့ရှိရသည်။ အဘယ်ကြောင့်ဆိုသော် ကစားသမားများမှာ မူလကတည်းက ကျန်းမာသန်စွမ်းသူများ၊ ကြံ့ခိုင်မှုကောင်းသူများဖြစ်ရာ ထိုမျှထိ နှလုံးခုန်နှုန်း အတက်အကျမြန်မှု ဒဏ်ကို မခံစားရဟုဆိုသည်။

ထိုကြောင့် ဘောလုံးပွဲကြောင့်ဖြစ်သော ကျန်းမာရေးထိခိုက်မှုမှာ ကစားသမားများထက် ပရိသတ်များက ပိုခြင်း ဖြစ်သည်။

သို့သော် သိပ်တော့ မစိုးရိမ်ကြဖို့ သုတေသီများက ဆိုသည်။

ဘောလုံးပရိသတ်များအတွက် စိတ်ဖြေရာ နည်းလမ်းများရှိပါသည်တဲ့လေ။ ကိုယ့်အသင်း အရှုံးကြောင့် ခံစားနေရသည်များကို ဟာသလုပ်ပစ် လိုက်ခြင်း၊ စိတ်ဖိအားလျော့ပါးရေး အချင်းချင်း ပွေ့ဖက်နှစ်သိမ့်အားပေးခြင်းတို့မှာ အသုံးဝင်သော နည်းလမ်းများ ဖြစ်သည်။

ပညာရှင် အချို့က အကြံပြုသည်မှာ ကစားပွဲပြီးပါက ကွင်းအတွင်း မီးမှိန်မှိန်လေး ဖွင့်ပေးတာမျိုး၊ သီချင်းအေးအေးလေး ဖွင့်ပေးတာမျိုးကလည်း ဖိအားများကို လျော့ပါးစေ၊ ရောဂါကျစေသည်ဟု ဆိုသည်။

ယင်းအပြင် ဘောလုံးအသင်းများ အနေနှင့် ပွဲကြည့်နေစဉ်အတွင်း နှလုံးရောဂါအန္တရာယ်ရှိသူများအတွက် နှလုံးစစ်ဆေးနိုင်သော စက်များထားပေးခြင်း၊ အခြားကျန်းမာရေးဆိုင်ရာများ စစ်ဆေးတိုင်းတာနိုင်သော စက်များထားပေးခြင်း ဖြင့်လည်း ပရိသတ်များကို ကူညီနိုင်သည်ဟု ဆိုသည်။

အချို့လေ့လာချက်တွေကတော့ ဘောလုံးပွဲ ရှုံးရှုံးနိုင်နိုင် ဘောလုံးပွဲ ကြည့်ခြင်းကပင် ကျန်းမာရေးကို ထိခိုက်စေသည်ဟု ဆိုကြပြန်သည်။

ကိုယ့်အသင်းနိုင်ရင် ပိုပျော်ကြ၊ ပိုပြီးစားသောက်ဖြစ်ကြရင်လည်း ကျန်းမာရေး ထိခိုက်နိုင်သည်။ အချို့ ကတော့ ကိုယ့်အသင်းရှုံးတော့ စိတ်ဖိစီးမှု ဖြစ်တော့ ပိုစားဖြစ်စေသည်။ ဘာလို့ဆို အချို့လူတွေက စိတ်ဖိစီးရင် ပိုစားတာကိုး။ ပိုဆိုးတာကတော့ အခုနောက်ပိုင်း ဘီယာသောက်၊ ယမကာလေးမှီဝဲရင်း ဘောလုံးပွဲ ကြည့်တတ်တဲ့ အလေ့အထ ပိုတွင်ကျယ်လာတော့ ရှုံးရှုံးနိုင်နိုင် ဘောလုံးပွဲလေး ကြည့်ဖြစ်တာနဲ့ကို ကျန်းမာရေးအတွက် မကောင်းဖြစ်တော့ တာပဲတဲ့လေ။

Reference;

https://www.telegraph.co.uk/men/active/10770551/Football-fans-experience-more-stress-than-players.html

https://www.bbc.com/news/health-51222376/ns_source=facebook&ns_mchannel= social&ocid=socialflow_facebook&ns_campaign=bbcnews&fbclid=IwAR2XEPT6vf5jMRUVBSy8yRNr7u8KPiJ4pywBCgMcQjFp1oS3yOkLmN22mPU&fbclid=IwAR0ZkuPzheZN9rGY UnR4MSNArvj_jUSMFRr_Tg7a2Kt6a4k6JZkRAKEG128

https://www.thesun.co.uk/news/10808930/football-fans-greater-risk-heart-attacks-stress-research/

https://www.travelnursing.com/news/nurse-news/football-fan-stress-may-be-hazardous-your-health/

Dawei Watch