လမ်းမကြီးများပေါ်မှအဆိပ်ငွေ့များ

0
1518

အချက်အချာ ကျလှသည်ဆိုသည့် နေရာရှိ မြေကွက်၊ အဆောက်အအုံတို့၏ ဈေးနှုန်းမှာ တခြားသာမန်နေရာနှင့် ယှဉ် လျှင် မြင့်နေတတ်လေသည်။ အချက် အချာကျသည်ဟု ဆိုခြင်းမှာလည်း လူ အသွားအလာစည်ကားသည့် လမ်းနံဘေး၊ ဈေး၊ ကျောင်း၊ ဆေးရုံ၊ ဘုရား၊ စေတီ စသည်တို့နှင့်နီးနီးကပ်ကပ်ရှိ သောနေရာ များ ကိုညွှန်းကြသည်။

ယနေ့ အချိန်တွင်မူ တနင်္သာရီ တိုင်းဒေသကြီးတွင် မြို့၊ ရပ်ကွက် အတွင်းတွင်သာမက ကျေးရွာများတွင်ပါ ကားလမ်းနံဘေးတွင် နေထိုင်သူတို့ တိုးလာသည်ကို သတိပြုမိသည်။ ယာဉ် အသွားအလာများသော လမ်းမကြီးများ ဘေးဝဲယာ တစ်လျှောက် လူနေအိမ်များ အစီအရီ ပေါ်လာနေသည်ကို မြင်နေရ သည်။ လမ်းနှင့်လှမ်းသောရွာ အချို့ပင် လျှင် လမ်းနံဘေးသို့ တဖြည်းဖြည်းချဉ်း ကပ်လာကုန်ကြပြီ။ လမ်းနံဘေးရှိ မြေကွက်၊ နေအိမ်၊ ဥယျာဉ် ခြံဝင်းဆိုလျှင် ဈေးကောင်း ပေးကာ ဝယ်ကြသည်။ အိမ်ဆောက် ကြသည်။ နေထိုင်ကြသည်။

“တို့ အိမ်က လမ်းမကြီးဘေးမှာနော်။ လမ်းသွယ် ထောင့်လေးထဲက ချောင်မှာ မဟုတ်ဘူး” စသဖြင့် ဂုဏ်ယူတတ်ကြသေး သည်။ စီးပွားရေး ရှုထောင့်မှ ကြည့်လျှင်ထို လူအသုံးပြုမှုများသော၊ ယာဉ်အသွား အလာများသော လမ်းနံဘေးတွင် နေထိုင် ၍ ဆိုင်ဖွင့်လှစ်ခြင်း၊ ဆိုင်ခန်းငှားခြင်း စသော စီးပွားရေး လုပ်ငန်းများ လုပ်ရန် အတွက် နေရာကောင်းသည်ဟု ယေဘုယျ ယူဆကြသည်။

သို့ရာတွင် ယာဉ်အသွားအလာများ သော လမ်းများနှင့် အဝေးပြေးလမ်းများ အနီးတွင် နေထိုင်ခြင်းသည်ကား ကျန်းမာ ရေးရှုထောင့်မှ ကြည့်လျှင် မသင့်တော် သော၊ မနေအပ်သောနေရာ၌ နေထိုင် ခြင်းမျိုးဖြစ်နေလေသည်။ အထူးသဖြင့် တနင်္သာရီတိုင်းကဲ့သိုသော နေရာအများ စုမှာ အိမ်အဆောက်အအုံရှိ ပြတင်း၊ တံခါးများဖွင့်ကာ (ပူလျှင် ပန်ကာလေး ဖွင့်ကာမျှ)ဖြင့် သဘာ၀လေကို အမှီပြု ကာနေကြသော လူနေမှုမျိုးဖြစ်သော ကြောင့် လမ်းနှင့်နီးသော အကျိုးဆက် များကို သာ၍ခံစားရမည့် အနေအထား ရှိသည်။

(ဤသို့ဆိုခြင်းကြောင့် နေအိမ် အဆောက်အအုံကို အလုံပိတ်လျက် လေအေးပေးစက်တပ်ကာ နေထိုင်စေလို ခြင်း မဟုတ်ပါ။) လမ်းနှင့်နီးသော အကျိုးဆက် ဆိုသည်ကား လမ်းပေါ်တွင် သွားလာနေသော ယာဉ်ပေါင်းစုံမှ ထွက် သော ဓာတ်ငွေ့များ၊ မီးခိုးများကြောင့် လည်းကောင်း၊ အသံဆူခြင်းကြောင့် လည်းကောင်း လူတို့တွင် ကိုယ်ရော စိတ်ပါ ကျန်းမာရေးအရ ထိခိုက်စေနိုင် ခြင်းပင်ဖြစ်ပါသည်။ ဤနေရာတွင် လမ်းပေါ်၌ ဥဒဟိုသွားလာနေသော ယာဉ် များမှထွက်ရှိသော မီးခိုးငွေ့ကြောင့်ဖြစ် သည့် အကျိုးဆက်ကိုသာ ဦးစားပေးဖော် ပြသွားပါမည်။

ဓာတ်ဆီ၊ ဒီဇယ်နှင့် သဘာ၀ ဓာတ်ငွေ့တို့ကို လောင်စာအဖြစ် အဓိက အသုံးပြုနေသော အိမ်စီးကား၊ ကုန်တင် ယာဉ်၊ ခရီးသည်တင် ဘတ်စ်ကားများ၊ ဆိုင်ကယ် အစရှိသည့်ယာဉ်များမှထွက် သော ဓာတ်ငွေ့များသည် လေထုညစ်ညမ်း မှုကို ဖြစ်စေသည့် အဓိကအကြောင်းရင်း တစ်ရပ်တွင်ပါဝင်သည်ဟု သုတေသနများ ကဆိုထားသည်။

ထိုယာဉ်များမှ ထွက် သော ဓာတ်ငွေ့များကို ခွဲခြားကြည့်လျှင် ယေဘုယျအားဖြင့် နိုက်ထရိုဂျင် အောက် ဆိုဒ်၊ ကာဗွန်မိုနောက်ဆိုဒ်၊ ကာဗွန်ဒိုင် အောက်ဆိုဒ်၊ ဆာလဖာဒိုင် အောက်ဆိုဒ်၊ အလွန်သေးငယ်သော အမှုန်အမွှားများနှင့် အခြားသော ဓာတ်ငွေ့ အချို့ပါရှိပါသည်။ အချို့သော ဓာတ်ငွေ့များသည် လေထုထဲ ရှိ အခြားသော အရာများနှင့် ဓာတ်ပြုကာ ဖန်လုံအိမ်အာနိသင် (ကမ္ဘာကြီးပူနွေးမှု ကို ဖြစ်စေသော အဓိကအကြောင်း တစ်ရပ်)ကို တိုးစေပြီး မီးခိုးမြူများ ဖြစ်စေ ခြင်းတို့ကို ဖန်တီးတတ်ရှိသည်။

ယာဉ်အသွားအလာများသော တရုတ်ပြည် ၊ အိန္ဒိယပြည်ရှိ မြို့အချို့ တွင်လေထုညစ်ညမ်းကာ မီးခိုးမြူများနှင့် အုံ့ဆိုင်းနေသည်ကို သတင်းများတွင်တွေ့ နိုင်ပါသည်။ အဆိုပါယာဉ်များမှ ထွက် သော အခိုးအငွေ့များသည် မြင်ရသည် ဖြစ်စေ၊ မမြင်ရသည်ဖြစ်စေ၊ အနံ့ရသည် ဖြစ်စေ၊ မရသည်ဖြစ်စေ လူတို့၏ ကျန်းမာ ရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည် ဟု ပညာရှင်များက သုတေသနပြုကာ ပြောဆိုထားကြသည်။ ကျန်းမာရေး အဖွဲ့အစည်းတစ်ခုဖြစ်သော အမေရိကန် အဆုတ် အသင်းကြီးက ကမ္ဘာအရပ်ရပ်မှ သုတေသနများကို ကိုးကား၍ ဖော်ပြ ထားချက်အရ လမ်းများအနီးတွင်နေထိုင် သူများ (အဝေးပြေးလမ်းများနှင့်မီတာ ၃၀၀ မှ ၅၀၀ အကွာ၊ ၉၈၄ ပေ မှ ၁၆၄၀ ပေ အတွင်း နေထိုင်သူများမှာ ထိခိုက်နိုင် ချေ အများဆုံးဖြစ်သည်)သည် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ၊ အသက်ရှူ ကျပ်ခြင်း၊ အဆုတ်ရောင်၊ ချောင်းဆိုး၊ ပန်းနာရင်ကျပ်ရောဂါ၊ နာတာရှည် အဆုတ်ရောဂါများအပြင် နှလုံးသွေး ကြောနှင့်ဆိုင်သော ရောဂါဘယများ အစရှိသော ရုပ်ပိုင်းဆိုင်ရာ ရောဂါများ ဖြစ်ကာ အသက်တိုခြင်းအပြင် စိတ် ကစဉ့်ကလျား မူမမှန် မေ့မှား တတ်သော စိတ်ဝေဒနာများ ဖြစ်နိုင်ချေ မြင့်မား ကြောင်း သိရှိရသည်။

ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ သည် ယာဉ်သွားလာမှုကြောင့်ဖြစ်ရသော ညစ်ညမ်းမှု၏ ကျန်းမာရေးအပေါ်အကျိုး သက်ရောက်မှုများကို ဆန်းစစ်လေ့လာ ထားသော ကမ္ဘာ တဝန်းမှ လေ့လာမှုပေါင်း (၇၀၀) ကျော်ကို ပြန်လည်ကြည့်ရှူကာ အထက်ပါ ဆိုးကျိုးများအကြောင်းကို ထုတ်ပြန်ထားခြင်းဖြစ်သည်။ သုတေသန တွေ့ရှိချက်တစ်ခုတွင်မူ ထိုယာဉ်များမှ ထွက်သောအငွေ့များကြောင့် ညစ်ညမ်း နေသောလေကို ရှူမိကာ အမှုန်အမွှားတို့ သည် လူ၏ဦးနှောက် အတွင်းသို့ပင် ရောက်နေကြောင်းဆိုသည်။ ထို့အတွက် ဆိုးကျိုးများလည်းရှိသည် ဟုဆိုသည်။ လမ်းနှင့်နီးနီးကပ်ကပ် မီတာ ၅၀ (၁၆၄ ပေ) လောက်တွင် နေသည်ဆိုလျှင် စိတ်မူ မမှန် မေ့မှားတတ်သော ရောဂါဖြစ်နိုင်ချေ များကာ ဝေးဝေးတွင်နေလေလေထို အန္တရာယ်လျော့လေလေ ဖြစ်သည်။ အထူးသဖြင့် ကလေးငယ်များ၊ မြီးကောင် ပေါက်များနှင့် သက်ကြီးရွယ်အိုများမှာ ထိုဆိုးကျိုးများကို ခံရနိုင်ချေများသည်။

ထိုရောဂါများဖြစ်နိုင်ခြင်းအကြောင်းရင်း မှာ ယာဉ်ပေါင်းစုံမှ ထွက်သော အဆိပ် ငွေ့များစွာကို လမ်း အနီးနေထိုင်သူတို့ နေ့စဉ် ရှူရှိုက်နေရသောကြောင့် ဖြစ် သည်။
ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး(WHO) က ခန့်မှန်းချက်အရ ကမ္ဘာတဝန်းတွင် ပြင်ပလေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူပေါင်း ၁.၃ သန်းခန့်သေဆုံးနေရသည်။

အမေရိကန်ပြည်ထောင်စု တစ်ခု တည်းတွင်ပင် လူပေါင်း ၃၀၀၀၀ ခန့်မှာ ယာဉ်များမှထွက်သောညစ်ညမ်းဓာတ် ငွေ့များကို ရှူရခြင်းကြောင့် နှစ်စဉ် သေဆုံးနေရသည်ဟု အမေရိကန် အဆုတ် အသင်းကြီး (American Lung Association) ကထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင်ဆိုလျှင် အထူး သဖြင့် ရန်ကုန်တွင်ဆိုလျှင် ယာဉ်များ ကြောင့် လေထုညစ်ညမ်းမှု ပိုမိုဆိုးရွား လာကြောင်း သတင်းများတွင် တွေ့နေရ သည်။ တောလက်ကျေးရွာများဘက် တွင်မူ လမ်းနံဘေးနေလျှင် ဖုန်မှုန့် ကျောက်မှုန့် သဲမှုန့်တို့ ဒဏ်ခံရနိုင်သည်။ ထိုအရာတို့ကို နေ့စဉ်ရှူရှိုက်နေရသော် ကျန်းမာရေး ချို့ယွင်းလာမည်မှာ ငြင်းစရာမရှိပေ။

ယခုအခါ လမ်းများ ကောင်းမွန်လာသည်နှင့်အမျှ လမ်းနံ ဘေးတွင် အခြေချလိုသူတို့၊ ဆိုင်ဖွင့်လို သူတို့၊ စီးပွားရေးလုပ်လိုသူတို့ ပေါလာ သည်။ အမှန်တကယ်လည်း လမ်းနံဘေး ဝဲယာတစ်လျှောက် အိမ်တွေ အလျှိုလျှို ပေါ်လာနေဆဲ ဖြစ်သည်။ တိုးတက်သော နိုင်ငံအချို့တွင် လမ်းအနီးတွင် နေထိုင် အခြေချခြင်းကိုတတ်နိုင်သမျှ ရှောင်နေ ကြသည်ကို တွေ့ရသည်။

လမ်းအနီး နေထိုင်ခြင်းကား စီးပွားရေးအရ လုပ်ငန်း ကိုင်ငန်း အတွက် အဆင်ပြေကောင်း ပြေနိုင်မည်ဖြစ်သော်လည်း ကျန်းမာရေး အတွက် သင့်တော်သော ဝန်းကျင်မျိုး ဖြစ်နိုင်မည် မဟုတ်ဟု သုတေသန အစီရင်ခံစာတို့က သက်သေခံနေသည်။ ယာဉ်တိုင်းသည် မြင်ရသော အငွေ့၊ အနံ့အသက်ဆိုးသော အငွေ့ ထုတ်ချင်မှ ထုတ်မည်။ သို့ရာတွင် မီးခိုးမဲမဲ၊ ဖြူဖြူ၊ အရောင်မဲ့၊ အနံ့ဆိုးဆိုး၊ အနံ့မရှိ အစရှိ သော အခိုးအငွေ့မျိုးစုံ ဖြစ်သော်လည်း ထိုယာဉ်များမှ ထွက်နေသော ဓာတ်ငွေ့ များမှာ လူသတ္တဝါတို့ အဖို့ ရှောင်ရှား သင့်သော အဆိပ်ငွေ့များချည်းသာဖြစ် ပါသည်။ တတ်နိုင်သမျှ လမ်းပေါ်မှ အဆိပ်ငွေ့များနှင့် ဝေးအောင် အားထုတ် သင့်ကြပါသည်။

ကိုးကား

https://edition.cnn.com/2017/01/04/health/dementia-risk-living-near-major-road/inde_.html

https://www.livestrong.com/article/156537-facts-of-car-pollution/

https://www.lung.org/our-initiatives/healthy-air/outdoor/air-pollution/highways.html

https://www.pnas.org/content/113/39/10797

https://www.ucsusa.org/resources/cars-trucks-buses-and-air-pollution