တနင်္သာရီဝန်ကြီးချုပ်ဟောင်းအမှု အဂတိကော်မရှင်မှ ညွှန်ကြားရေးမှူးကို စစ်မည်

0
727

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏အမှု ရုံးချိန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်(ACC)မှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဝင်းကို တရားလိုပြသက်သေအဖြစ် စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီးတရားလွှတ်တော်ရုံးထံမှ သိရသည်။

အဆိုပါအမှု၏ အကြိမ် ၄၀ မြောက် ရုံးချိန်းဖြစ်သည့် ဒီဇင်ဘာလ ၂ ရက်တွင် ဦးသန်းဇော်ဝင်းကို အမှုလေးမှုစလုံး အတွက် တရားလိုပြသက်သေအဖြစ် စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းတရားရေး ဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေဖြင့် အမှုလေးမှု တရားစွဲဆိုထား ပြီး ယင်းအမှုလေးခုအနက် နှစ်မှုတွင် GGS ကုမ္ပဏီတာဝန်ရှိသူများ ပါဝင် သည်။

အထက်ပါအမှု၏ ၃၉ ကြိမ်မြောက် ရုံးချိန်းဖြစ်သည့် နိုဝင်ဘာလ ၁၈ ရက် တွင် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ် ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းနှင့် F22 ကုမ္ပဏီဝန်ထမ်း ဦးဖြိုးပိုင်အောင်တို့ကို စစ်ဆေးခဲ့ကြောင်း ဒေါ်အေးအေးသန်းက ဆိုသည်။

၎င်းတို့ကို ကျပ်သိန်းလေးထောင် အသုံးပြုကာ ထားဝယ်လေယာဉ်ကွင်း သစ်ပင်ချုံနွယ်ရှင်းလင်း ခဲ့သည့်အမှုအတွက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ယင်းနေ့တွင်ပင် အဂတိကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဝင်းကို စစ်ဆေးရန် ချိန်းဆိုခဲ့သော်လည်း ခွင့်တင်ထားသည့်အတွက် မစစ်ဆေးနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

“အခြားအရေးကြီးအမှုကိစ္စများ ဆောင်ရွက်နေရတဲ့အတွက်ကြောင့် ရုံးချိန်း မလာရောက်နိုင်ကြောင်း ခွင့်တင်တဲ့ အတွက် မစစ်ဆေးနိုင်ခဲ့ပါဘူး”ဟု ဒေါ်အေးအေးသန်းက ဆိုသည်။

အဂတိကော်မရှင်မှ ဦးသန်းဇော်ဝင်းကို ဧပြီလ ၂၂ ရက်နေ့ ရုံးချိန်းကလည်း တရားလိုအဖြစ် စစ်ဆေးခဲ့ပြီးဖြစ်ကာ ၎င်းငှာ လက်ရှိစွဲဆိုထားသည့် အမှုလေးခု စလုံး၏ တရားလိုလည်း ဖြစ်သည်။

Dawei Watch