တိုးဂိတ်ကောက်ခံရငွေ ကျပ်သိန်းလေးထောင်ကျော် ရရှိ

0
447

တနင်္သာရီတိုင်းအတွင်းရှိ လမ်း တံတားတိုးဂိတ်လေးခုမှ ငွေကျပ်သိန်း ပေါင်းလေးထောင်ကျော် ကောက်ခံရရှိ ကြောင်း တိုင်းဒေသကြီးလမ်းဦးစီးဌာန ထံမှ သိရသည်။

ထားဝယ်ခရိုင်အတွင်းရှိ အိမ်ရှေ့ ပြင်ဂိတ်(ဇီးကျ)၊ ပေါက်တိုင်းဂိတ်(ရွှေဂူ)၊ မြိတ်ခရိုင်အတွင်းရှိ ကျွဲကူး-ကျောက်ဖျာ တံတားဂိတ်နှင့် ကော့သောင်းခရိုင် ကော့သောင်းတိုးဂိတ်တို့တွင် ယာဉ်ဖြတ် သန်းသွားလာမှုမှုအပေါ် ကောက်ခံရရှိငွေ ဖြစ်ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

တိုးဂိတ်မှ ကောက်ခံရရှိငွေများကို ရုံးချုပ် (ပြည်ထောင်စု) ဘဏ်အကောင့် အတွင်းသို့ နေ့စဉ်ပေးသွင်းရကြောင်း လမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသက်ဇော်ဝင်းက ဆိုသည်။

“ကောက်ခံရရှိတဲ့ငွေက ကျွန်တော် တို့က ဘာမှသုံးလို့မရဘူး။ တစ်နေ့ တစ်နေ့ကို သူ့စာရင်းနဲ့သူ ရှိပြီးသားပေါ့နော်”ဟု ဦးသက်ဇော်ဝင်းက ပြောသည်။

တိုးဂိတ်များတွင် ငွေကောက်ခံရန် ဌာန၏ နေ့စားဝန်ထမ်းများကို ရုံးချုပ် အစီအစဉ်ဖြင့်ခန့်ထားကာ ကောက်ခံနေကြောင်း ၎င်းက ဆိုသည်။

လက်ရှိအစိုးရလက်ထက်တွင် လမ်းတံတားအသုံးပြုခကောက်ခံနေသည့် တိုင်းအတွင်းရှိ ဂိတ်အချို့ကို ဖျက်သိမ်းထားသည်။

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာ လအထိ အထက်ပါတိုးဂိတ်လေးခုမှ ကျပ် သိန်းပေါင်း နှစ်ထောင်ကျော် ကောက်ခံရရှိခဲ့ကြောင်း အထက်ပါ ဌာနစာရင်းအရ သိရသည်။

Dawei Watch