ထားဝယ်မြစ်အတွင်း နှစ်ပတ်အတွင်း လူသုံးဦးခုန်ချ

0
707

ရက်သတ္တပတ်နှစ်ပတ်တာကာလ အတွင်း ထားဝယ်မြစ်အတွင်း ခုန်ချသူ အနည်းဆုံး လူသုံးဦးရှိခဲ့သည်။

ထားဝယ်မြို့ အနောက်ဘက် မြစ် အတွင်း နိုဝင်ဘာလ ၉ ရက်မှ ၂၃ ရက် အထိ ကာလအတွင်း အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးဟု ယူဆရသူတစ်ဦး တို့ ထားဝယ်မြစ်အတွင်း ခုန်ချခဲ့ကြောင်း ထားဝယ်မြို့အခြေစိုက် ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့ ထံမှ သိရသည်။

ကမြောကင်းတံတားပေါ်မှ နှစ်ဦး ခုန်ချပြီး ယာယီကမ်းနားဈေးအနီးတွင် တစ်ဦး ခုန်ချခြင်းဖြစ်ကာ အမျိုးသားနှစ်ဦးမှာ အသက်သေဆုံးခြင်း မရှိပေ။

နိုဝင်ဘာလ ၂၃ ရက် ညနေပိုင်းတွင် ဆံပင်အနီရောင်ရှိသည့် အမျိုးသမီးဟု ယူဆရသူတစ်ဦး ကမြောကင်းတံတား ပေါ်မှ ခုန်ချသွားသည်ဟု ဖုန်းသတင်းရကြောင်း ဇမ္ဗသီရိအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ဆိုသည်။

ခုန်ချသွားသည်ဆိုသည့်အချိန်နှင့် ဖုန်းသတင်းရချိန်မှာ အချိန်တစ်နာရီခန့် ကွာနေပြီး သွားရောက်ရှာဖွေချိန်တွင် တစ်စုံတစ်ရာရှာမတွေ့ခဲ့ကြောင်း ၎င်းက ပြောသည်။

“အခုက သေမှန်း ရှင်မှန်း မသိရ သေးဘူး”ဟု ဦးနိုင်မျိုးသွင်က ဆိုသည်။

ထားဝယ်မြစ်အတွင်း ခုန်ချသတ် သေမှုများလာချိန်တွင် ဇမ္ဗူသီရိအဖွဲ့၏ အသက်ကယ်လှေတစ်စီးကို ကမြောကင်း တံတားအနီးတွင် နေရာချထားတော့မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခင်ကလည်း ကမြောကင်း တံတားပေါ်မှ ခုန်ချသတ်သေခဲ့သည့် ဖြစ်စဉ်များ ဖြစ်ခဲ့ဖူးသည်။

Dawei Watch