သူရမချစ်ပို ရုပ်တုကို ကြေးရုပ်တုဖြင့် အစားထိုးမည်

0
1807

မြန်မာနိုင်ငံ၏ ပထမဆုံး သူရဘွဲ့ရ အမျိုးသမီး သူရမချစ်ပိုရုပ်တုကို ကြေးသွန်းရုပ်တုဖြင့် အစားထိုးမည်ဟု ရုပ်တု ဖြစ်မြောက်ရေး ကော်မတီဒုဥက္ကဋ္ဌ ဦးငွေလှက ပြောသည်။

သူရမချစ်ပိုဇာတိ လောင်းလုံးမြို့ နယ် နခံတောရွာအနီး သောကြာပြင် လမ်းဆုံ(ထားဝယ် – မောင်းမကန် ကားလမ်းနံဘေး)ပန်းခြံတွင်ထားရှိသော လက်ရှိရုပ်တုမှာ အင်္ဂတေရုပ်တုဖြစ်ပြီး ရုပ်တုအမြင့်မှာ ၆ ပေ ၈ လက်မ ရှိသည်။

အလှူရှင်တစ်ဦးက လက်ရှိရုပ်တု ထက်ပိုကြီးသော ကြေးသွန်းရုပ်တုကို သွန်းလုပ်လှူဒါန်းရန် ကမ်းလှမ်းလာသဖြင့် ကော်မတီက ယင်းကမ်းလှမ်းချက်ကို လက်ခံလိုက်ကြောင်း ဦးငွေလှ က ပြောသည်။

“လက်ရှိရုပ်ထုထက် ပိုကြီးတာ၊ နိုင်ငံတကာ စံနှုန်းဝင်တာမျိုးဖြစ်ဖို့ အလှူရှင်က ပြောပါတယ်။ အလှူရှင်က ကော်မတီလက်ထဲ ငွေထည့်ပေးမယ်ပေါ့။ ကြေးရုပ်ကို ကော်မတီက တာဝန်ယူ သွန်းလုပ်ရမယ်ပေါ့။ ပုံစံကတော့ လက်ရှိ ပုံစံကိုပဲ လူအတော်များများက နှစ်သက် နေကြတယ်”ဟု ဦးငွေလှက ပြောသည်။

ရုပ်တုအရွယ်အစားနှင့် ပုံစံဒီဇိုင်း အတွက်ကိုမူ ကော်မတီဝင်များ၊ သံဃာ တော်များနှင့် အလှူရှင်တို့ တွေ့ဆုံဆွေးနွေးနိုင်မည့်အချိန်တစ်ခု အမြန်ဆုံး သတ်မှတ် ဆုံးဖြတ်ကြမည်ဟု ဦးငွေလှက ပြောသည်။

လက်ရှိ ရုပ်တုကို ၂၀၁၇ ခုနှစ် ဩဂုတ်လက စိုက်ထူထားပြီး ရုပ်တုပုံမှာ ညာလက်က လက်သီးဆုပ်၍ မြှောက်ထား ဟန်၊ ဘယ်လက်က ဓားမြှောင်ငယ် တစ်လက် ဆုတ်ကိုင်ထားသည့်ဟန် ထုလုပ်ထားကာ လက်ပစ်ဗုံးထည့်ထားသည့် လွယ်အိတ်လွယ် ထားသည့်ပုံ ဖြစ်သည်။

ရုပ်တုထားရှိသည့် ပန်းခြံကိုလည်း အဆင့်မြှင့်ရန် အလှူရှင်က ကမ်းလှမ်းထားကြောင်း ဦးငွေလှက ပြောသည်။

ရုပ်တုတစ်ခုပြုလုပ်ထားရှိရာတွင် ရုပ်တုထားရှိမည့် မြေနေရာအကျယ် အဝန်း၊ နောင်နှစ်တစ်ရာ နှစ်နှစ်ရာအတွင်း ဖြစ်လာနိုင်မည့် ပတ်ဝန်းကျင်မြင်ကွင်း တို့ကို ခန့်မှန်းတွက်ဆကာ ရုပ်တုအရွယ် အစား၊ မည်သည့်အမြင့်တွင် မည်သည့်ဘက်ကို မျက်နှာမူသင့်သည် စသည် တို့ကို ဘက်စုံ ထောင့်စုံက တွက်ချက် လုပ်ဆောင်သင့်ကြောင်း နားလည်တတ်ကျွမ်းသည့် ပန်ချီပန်းပုပညာရှင်တို့က ပြောကြသည်။

ယခု သူရမချစ်ပိုကြေးသွန်းရုပ် ရုပ်တုထားရှိမည့် လမ်းဆုံပန်းခြံမှာ မကျယ်ဝန်းလှသော ကျဉ်းမြောင်းလှသည်ဟု မဆိုသာဘဲ ပန်းခြံအတွင်းရှိ ရုပ်တုနှင့်ယှဉ်နေသည့် ရေစင်ကြီးကို မမြင်ကွယ်ရာသို့ ဖယ်ရှားသင့်ကြောင်း ထားဝယ်မြို့ခံ ပန်းချီပန်းပုပညာရှင် တစ်ဦးက ထောက်ပြသည်။

သူရမချစ်ပိုတွင်လည်း သူ့ဂုဏ်ဒြပ် နှင့် သူရှိရာ ရုပ်တုပြုလုပ်ရာတွင်လည်း သူရမချစ်ပို၏ ဂုဏ်ဒြပ် ပေါ်လွင်စေသည့် ပုံပန်းသဏ္ဍာန်မျိုး သွန်းလုပ်သင့်ပြီး ယင်းပန်းခြံနေရာတွင် ထားရှိမည်ဆိုက ရုပ်တုအရွယ်အစားကို အနည်းဆုံး ၉ ပေမှ ၁၂ ပေ၊ ၁၅ ပေအထိ သွန်းလုပ် သင့်ကြောင်း ၎င်းပညာရှင်က ပြောသည်။

“ရုပ်တုလုပ်ရင် ကာလပေါ် ဆေးမြီးတိုတွေနဲ့ ပြီးရာပြီးကြောင်း ထလုပ်ကြရင် နောင်လာနောင်သားတွေ ပြက်ရယ်ပြု စရာတွေ ဖြစ်တတ်တယ်။ တစ်ကယ်နား လယ်တတ်ကျွမ်းတဲ့ ပညာရှင်ကြီးတွေနဲ့ တိုင်ပင်ပြီး လုပ်သင့်တယ်”ဟု ၎င်းက ပြောသည်။

Dawei Watch