အခြင်အတွယ်/ အရည်အသွေး မပြည့်သည့် စက်သုံးဆီအရောင်းဆိုင် ၈ ဆိုင်ကို အရေးယူ

0
944

ထားဝယ်ခရိုင်အတွင်း စက်သုံးဆီ အခြင်အတွယ်/ အရည်အသွေး မပြည့် မီဘဲ ရောင်းချနေသည့် စက်သုံးဆီ အရောင်းဆိုင် ၈ ဆိုင်ကို အရေးယူခဲ့ ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရေနံ နှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ထိန်းသိမ်း ကြီးကြပ်ရေး ဆပ်ကော်မတီထံမှ သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ အထိ စက်သုံးဆီအရည်အသွေး မမီသည့် ဆိုင် ၃ ဆိုင်နှင့် အခြင်အတွယ်မပြည့်သည့် စက်သုံးဆီဆိုင် ၃ ဆိုင်ကို စစ်ဆေးတွေ့ရ သည့်အတွက် ဒဏ်ငွေတပ်ရိုက်ခဲ့ကြောင်း အထက်ပါ ကော်မတီအတွင်းရေးမှူး ဦးသန်းထွေးက ပြောသည်။

စက်သုံးဆီဆိုင်ရှိ အရည်အသွေး/ အခြင်အတွယ် မပြည့်မီသည့် စက်သုံးဆီ တစ်မျိုးတွေ့လျှင် ကျပ် ငါးသိန်းနှုန်းဖြင့် ဒဏ်ရိုက်ကြောင်း ၎င်းက ဆိုသည်။

ထိုနောက် ဇွန်လနောက်ပိုင်းတွင် ထားဝယ်ခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များကို ထပ်မံစစ်ဆေးရာ စက်သုံးဆီ အရည်အသွေး မပြည့်သည့် အခြားဆီဆိုင် ၂ ဆိုင်ကို ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း ဦးသန်းထွေးက ပြောသည်။

အဆိုပါဆိုင်များကိုမူ ဗဟိုကော်မတီ ၏ ဆုံးဖြတ်ချက်အရ အရည်အသွေး မပြည့်မီသည့် စက်သုံးဆီတစ်မျိုးလျှင် ငွေကျပ် ၁၀ သိန်းနှုန်းဖြင့် ဒဏ်ရိုက်ခဲ့ ကြောင်း ၎င်းက ဆိုသည်။

“မြိတ်တို့ ကော့သောင်းတို့မှာလည်း ဒီလိုရှောင်တခင်စစ်သွားမှာပါ၊ စစ်တာက တစ်တိုင်းလုံးစစ်မှာပါ”ဟု ဦးသန်းထွေးက ပြောသည်။

စက်သုံးဆီ အရည်အသွေးပြည့်/ မပြည့်ကို ဓာတ်ခွဲစစ်ဆေးခဲ့ခြင်း ဖြစ် သည်။

စက်သုံးဆီ အရည်အသွေး/အခြင်အတွယ် မမှန်ပါက တရားရုံးတွင် တရားစွဲ ဆိုနိုင်ပြီး ကျပ် ၅ သိန်းမှ သိန်း ၅၀ အထိ ပြစ်ဒဏ်ကျခံရသော်လည်း လက်ရှိတွင် စီမံခန့်ခွဲမှုနည်းလမ်းအရ ဒဏ်ငွေတပ် ရိုက်ခဲ့ကြောင်း ဦးသန်းထွေးက ဆိုသည်။

စက်သုံးဆီဆိုင်များတွင် စံသတ် မှတ်ချက်ဖြစ်သည့် စက်သုံးဆီ တစ်ဂါလံလျှင် ၄ ဒဿမ ၅၄၆ လီတာရှိရမည်ပြီး အခြင်အတွယ် မပြည့်ပါက ၀၉-၈၇၅၂၃၁၈ ထံ ရုံးချိန်အတွင်း ဆက်သွယ်တိုင်ကြား နိုင်ကြောင်း ဗီနိုင်းများ ကပ်ထားသည်။

တနင်္သာရီတိုင်းအတွင်း တရားဝင်လိုင်စင်ရှိ စက်သုံးဆီဆိုင် ၂၉ ဆိုင်ရှိကြောင်း အထက်ပါကော်မတီထံမှ သိရသည်။

Dawei Watch