ပြန်သိမ်းမြေ ဧက ၃ သိန်းကျော်နှင့် ယခင်မြေလွတ်မြေလပ်များအပေါ် လုပ်ကိုင်ခွင့် လျှောက်ထားနိုင်

0
733

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ သတ်မှတ်ကာလအတွင်း စိုက်ပျိုးလုပ်ကိုင် မှုမရှိသဖြင့် ခွင့်ပြုမိန့် ရုပ်သိမ်းထားသည့် မြေဧက ၃ သိန်းကျော်အပါအ၀င် ယခင် မြေလွတ်မြေလပ်မြေရိုင်းများအား လုပ်ကိုင်ခွင့် လျှောက်ထားနိုင်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီး ဦးမြင့်စန်းက ပြောသည်။

အထက်ပါမြေနေရာများအား လုပ်ကိုင်ခွင့် လျှောက်ထားလိုပါက သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေစီမံခန့် ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန(မြို့နယ် မြေစာရင်း)တွင် ဆက်သွယ်စုံစမ်းလျှောက် ထားနိုင်ကြောင်း ၀န်ကြီး ဦးမြင့်စန်းက ပြောသည်။

လျှောက်ထားသူက မိမိလုပ်ကိုင်လို သည့် မြေနေရာကို ရွေးချယ်ကာ မြို့နယ် မြေစာရင်းရုံးတွင် သွားရောက်စုံစမ်း လျှောက်ထားရမည်ဟု ၀န်ကြီး ဦးမြင့်စန်း က ဆိုသည်။

“လျှောက်ချင်သူတွေက ကိုယ်လျှောက် ချင်တဲ့နေရာကို မြေစာရင်း သွားပြောပြီး လျှောက်လွှာပုံစံ တောင်းရမယ်”ဟု ဦးမြင့်စန်းက ပြောသည်။

လုပ်ကိုင်ခွင့်ရရှိထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား သတ်မှတ် ကာလ(၄)နှစ် ပြည့်မြောက်ပြီးသည့်အချိန် အထိ စိုက်ပျိုးလုပ်ကိုင်မှုမရှိသဖြင့် တနင်္သာရီတိုင်းအတွင်း မြေ ၃ သိန်းကျော် (၃၃၁၂၄၈ ဒသမ ၉ ဧက)ကို နိုင်ငံတော် ပြန်တမ်းဖြင့် ခွင့်ပြုမိန့် ရုပ်သိမ်းထားကြောင်း ၎င်းက ပြောသည်။

ယင်းမြေများပေါ်တွင် လုပ်ကိုင်ခွင့် လျှောက်ထားလာမှုများရှိရာ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ မတ်လကုန်အထိ လေးနှစ်အတွင်း တိုင်းတွင်း ကျေးလက်တစ်နိုတစ်ပိုင်စိုက် ပျိုးရေးလုပ်ကိုင်သူ ၉၅ ဦးအား မြေဧက ကိုးရာကျော်(၉၁၂ ဒသမ ၆၈ ဧက) ခွင့်ပြုမိန့် ချထားပေးပြီးကြောင်း တိုင်းအစိုးရ အဖွဲ့က ထုတ်ပြန်ထားသည်။

၂၀၁၈- ၂၀၁၉ ခုနှစ်အတွင်း ဒေသခံ ဦးရေ ၂ ထောင်နီးပါး (၁၉၃၀ ဦး)က မြေဧက ၂ သောင်းကျော်(၂၃၇၅၄ ဒသမ ၆ ဧက) အား လုပ်ကိုင်ခွင့်လျှောက်ထား ဆဲအခြေအနေတွင် ရှိကြောင်း တိုင်းအစိုးရ အဖွဲ့က ယခုနှစ် ဧပြီလတွင် ထုတ်ပြန်ခဲ့ သည်။

“လျှောက်ထားဆဲတွေကိုတော့ စိစစ် နေဆဲပါ”ဟု ၀န်ကြီး ဦးမြင့်စန်းက ပြောသည်။

ထုတ်ပြန်ချက်များအရ လုပ်ကိုင်ခွင့် ရရှိပြီးနှင့် လျှောက်ထားပြီှးသည့် မြေဧက စုစုပေါင်းမှာ ၂ သောင်းကျော်ကျော်သာ ရှိသေးသည်။

အစိုးရပြန်တမ်းဖြင့် လက်ရှိပြန်သိမ်း မြေပင် ၃ သိန်းကျော် ရှိနေသည်။

ယင်းမြေဧက ၃ သိန်းကျော်အပြင် ကုမ္ပဏီများအား လုပ်ပိုင်ခွင့်မပြုခဲ့သည့် ယခင်မြေလွတ်မြေလပ်များကိုလည်း လျှောက်ထားနိုင်ကြောင်း ၎င်းက ပြောသည်။

သို့သော် မြေနေရာများ လျှောက်ထား ရာတွင် မြို့နယ်မြေစာရင်းဌာနများက ၀န်ထမ်းအင်အား မလုံလောက်ခြင်း၊ မြေယာပိုင်ဆိုင်မှု အချက်အလက်မပြည့် စုံခြင်း၊ နည်းပညာအားနည်းခြင်း စသည် တို့ကို အကြောင်းပြကာ ပူးပေါင်းကူညီမှု အားနည်းလှကြောင်း ဒေသခံများက ပြောဆိုကြသည်။

ထိုအခက်အခဲများကြုံတွေ့ပါက တိုင်းအစိုးရအဖွဲ့ကို အကြောင်းကြားပါရန် ၀န်ကြီး ဦးမြင့်စန်း ပြောဆိုထားသည်။

“သူတို့(မြို့နယ်မြေစာရင်း)ဆီမှာ အခုသိမ်းထားတဲ့ မြေနေရာတွေရော၊ ယခင်မြေလွတ်မြေလပ်စာရင်းတွေရော ရှိတယ်”ဟု ဦးမြင့်စန်းက ပြောသည်။

သတ်မှတ်ကာလအတွင်း စိုက်ပျိုးလုပ်ကိုင်မှုမရှိသဖြင့် ပြန်သိမ်းယူထားသည့် မြေဧရိယာစာရင်း

စဉ် ခရိုင်/မြို့နယ် ခွင့်ပြုမိန့်ရိုပ်သိမ်းဧရိယာ
ထားဝယ်ခရိုင်စုစုပေါင်း ၄၁၈၈.၇၃
ထားဝယ် ၀.၀၀
မေတ္တာ ၂၂၀၀.၀၀
လောင်းလုံး ၁၂.၇၈
သရက်ချောင်း ၅၀.၀၀
ရေဖြူ ၈၀၇.၅၀
ကလိန်အောင် ၁၁၁၈.၄၅
မြိတ်ခရိုင်စုစုပေါင်း ၉၄၉၀၅.၃၃
မြိတ် ၄၄၄၅.၈၄
ကျွန်းစု ၂၁၇၆၆.၈၅
ပုလော ၆၅၀.၀၀
၁၀ ပလောက် ၃၄၄၀.၀၀
၁၁ တနင်္သာရီ ၆၄၆၀၂.၆၄
ကော့သောင်းခရိုင်စုစုပေါင်း ၂၃၂၁၅၄.၈၄
၁၂ ကော့သောင်း ၆၉၁၆.၈၄
၁၃ ခမောက်ကြီး ၈၉၁၆.၀၀
၁၄ ဘုတ်ပြင်း ၁၉၀၆၃.၀၀
၁၅ ကရသူရိ ၂၁၆၆၆.၀၀
၁၆ ပြည်ကြီးမဏ္ဍိုင် ၁၇၅၅၉၃
တိုင်းဒေသကြီးချုပ် ၃၃၁၂၄၈.၉၀

Dawei Watch