ဟောင်းနွမ်း၊ စုတ်ပြဲ ငွေစက္ကူများ ဗုဒ္ဓဟူးနေ့တိုင်း လဲပေးမည်

0
471

ပုဂ္ဂလိကဘဏ်များ အပါအဝင် မည့်သည့်ဘဏ်မဆို သုံးစွဲရန်မသင့်သည့် ဟောင်းနွမ်း၊စုတ်ပြဲ ငွေစက္ကူများအား အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လဲလှယ်ပေး ရန် ဗဟိုဘဏ်က ဩဂုတ်လ နောက်ဆုံး အပတ်တွင် ညွှန်ကြားထားကြောင်း မြန်မာ့စီးပွားရေးဘဏ် တိုင်းဒေသ ကြီး ရုံးထံမှ သိရသည်။

ယင်းသို့ လဲလှယ်ပေးခြင်းဖြင့် ပြည်သူများ ပိုက်ဆံအသစ် ကိုင်ရမည့် အပြင် အရောင်းအဝယ် ပြုလုပ်ရာ တွင်လည်း အဆင်ပြေမည်ဖြစ်ကြောင်း အထက်ပါရုံးမှ တိုင်းဒေသကြီးမန်နေဂျာ ဦးထွန်းထွန်းဝင်းက ပြောသည်။

သို့သော် ထားဝယ်မြို့ရှိ ပုဂ္ဂလိက ဘဏ်အချို့ကမူ ဩဂုတ်လ ၃၁ ရက် မွန်းလွဲ ၁နာရီ ၃၅ မိနစ်အထိ ၎င်းတို့ ဘဏ်ရုံးချုပ်မှ ညွှန်ကြားထားမှုမရှိ သေးဘဲ ညွှန်ကြားချက်ရရှိပါက ယင်း ညွှန်ကြားချက်အတိုင်း လုပ်ဆောင် ပေးမည်ဖြစ်ကြောင်း ပြောသည်။
ယခုကဲ့သို့ ငွေစက္ကူများကို လဲပေး နေမည့်အစား နိုင်ငံတကာတွင် သုံးစွဲ နေသည့်အတိုင်း အရည်အသွေးကောင်း သည့် ငွေစက္ကူများ ထုတ်လုပ် သင့်ကြောင်း မြောင်းပုလဲ ရပ်ကွက်မှ ဒေါ်ညိုညိုထွေးက အကြံပြုသည်။

ယခင်က မြန်မာ့စီးပွားရေး ဘဏ် သည် ဗဟိုဘဏ်က သတ်မှတ်ထားသော အကြွေလဲခွင့်မရှိသည့် ငွေစက္ကူ (မီး လောင်၊ ဆီကွက်စွန်းခြင်း စသဖြင့်)မှအပ ကျန်ငွေများကို ရုံးဖွင့်ရက်များတွင် လဲလှယ်ပေးလျက်ရှိကြောင်း သိရသည်။