ပုလဲကုမ္ပဏီ လုပ်ငန်းတိုးချဲ့မည်ကို ဆလုံလူမျိုးများ စိုးရိမ်

0
546

ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့ နယ် အလယ်မှန်ကျေးရွာအုပ်စု လငန်း ကျွန်းတွင် တာဆာကီ ပုလဲမွေးမြူရေး ကုမ္ပဏီမှလုပ်ငန်းများ တိုးချဲ့လုပ်ကိုင် လာမည်ကို စိုးရိမ်မှုများရှိနေကြောင်း ယင်းကျွန်းရှိ ဆလုံတိုင်းရင်းသားတို့ထံမှ သိရသည်။
ပုလဲလုပ်ငန်း တိုးချဲ့ပါက ဆလုံ ဒေသခံများ ငါးဖမ်းရန် အခက်တွေ့မည် ဖြစ်ဟု လငန်းရွာ (ဆီးပင်အော်)နေ ဆလုံ တိုင်းရင်းသားကြီးတစ်ဦးက ပြောသည်။


” သူတို့အလုပ်တွေ ဝင်လုပ်မယ် ဆိုရင် ငါးဖမ်းဖို့နေရာ မရှိတော့ဘူး အဝေး ကြီးမှာ သွားဖမ်းရလိမ့်မယ် ” ဟု ၎င်းက ဆိုသည်။
ထို့အပြင် လငန်းရွာမှ ၈ မိုင်ခန့် အကွာ စိမ့်စမ်းရေရှိသည့် လှိုင်ကျွန်း၊ စောမော်လှကျွန်း (နွားလဘို့)တို့လည်း လုပ်ငန်းတိုးချဲ့မည့် ဧရိယာထဲတွင် ပါဝင် နေသည်ဟု သိထားသည့်အတွက် နွေရာသီ ရေရှားချိန်တွင် သောက်သုံးရေအတွက် အခက်အခဲဖြစ်နိုင်ကြောင်း လငန်း ရွာ သားတစ်ချို့က ပြောသည်။

perl_in_myeik
တာဆာကီ ပုလဲမွေးမြူရေး ကုမ္ပဏီမှ လုပ်ငန်းမတိုးချဲ့ရေး ဆလုံ လူမျိုးများ လက်မှတ်ရေးထိုးပြီး အမျိုး သားလွှတ်တော်နှင့် သက်ဆိုင်ရာဌာနများ သို့ ကန့်ကွက်စာ တင်သွားမည်ဟု လငန်း ရွာနေ ဦးမြင့်လွင်က ပြောသည်။
လက်ရှိတွင် လက်မှတ် ၁၅၅ ခု ရရှိထားပြီး ယခု မတ်လအတွင်း ပေးပို့ သွားမည်ဟု ဦးမြင့်လွင်က ပြောသည်။
” ဆလုံတိုင်းရင်းသားတွေက အရမ်း ကြောက်နေကြပြီ။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၁၅နှစ်ဝန်းကျင်လောက်က ဆလုံရွာ တစ် ရွာဖြစ်သည့် စကောကျွန်းမှာ ပုလဲမွေးမြူ ရေးကုမ္ပဏီတစ်ခုက ဝင်လာပြီး ရွာကို ပြောင်းခိုင်းတာ နောက်ကျမှ ပြောင်း တယ်ဆိုပြီး အိမ်တွေ မီးရှို့ခံရဖူးတဲ့ သာဓကတွေရှိခဲ့ဖူးပါတယ်”  ဟု ဦးမြင့်လွင် က ရှင်းပြသည်။
တိုးချဲ့ဧရိယာအတွက် မြန်မာ့ပုလဲ လုပ်ငန်း၏ တရားဝင်ခွင့်ပြုချက်ရထား ပြီးဖြစ်ကာ မြိတ်ရုံးခွဲသည် ထောက်ပံ့ ဌာနဖြစ်သည့် အတွက်လုပ်ငန်းအသေး စိတ်ကိုမသိဟု ပုလဲမွေးမြူရေး ကုမ္ပဏီ ဖြစ်သည့်  Myanmar Tasaki Co.,Ltd မြိတ်ရုံးခွဲမှ Deputy Manager/Accountant ဦးသာလင်းက ပြောသည်။
” သူတို့ ကန့်ကွက်မယ်ဆိုလည်း ကန့်ကွက်ပေါ့။ ဖြေရှင်းရမယ့်နည်းလမ်း တွေကရှိပြီးသားပါ ” ဟု ဦးသာလင်းက ပြောသည်။
လငန်းကျေးရွာတွင် အိမ်ခြေ ၉၀ ဝန်းကျင်၊ လူဦးရေ ၄၀၀ ကျော်ခန့်နေ ထိုင်ကြကြောင်း ယင်းကျေးရွာမှ သိရသည်။
ပုလဲမွေးမြူရေးကုမ္ပဏီဖြစ်သည့်Myanmar Tasaki Co.,Ltd သည် လက်ရှိတွင် ကျွန်းစုမြို့နယ်အတွင်းရှိ ကျောက်မတ်တန့် (ဒိုမယ်ကျွန်း)တွင် ပုလဲမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်နေ ကြောင်း ယင်းကုမ္ပဏီမှ သိရသည်၊၊