ဘိန်းခန်း အိမ်မြှောင်

0
443

ပြီးခဲ့တဲ့ ၂၀၁၀ ပါတီစုံ ရွေးကောက်ပွဲ နဲ့ တက်လာတဲ့ အရပ်သား တစ်ပိုင်း အစိုးရက သူတို့ အစိုးရအဖွဲ့ကြီးဟာ သန့်ရှင်းသောအစိုးရ (Clean Government)? ၊ ကောင်းမွန်သော အုပ်ချုပ်ရေး (Good Governance) ဖြစ်စေရမယ်လို့ လက်ရုံးတော် ဆန့်တန်းပြီး ကြုံဝါးခဲ့လေ တော့ တစ်သက်လုံး အာဏာရှင်တွေရဲ့ စစ်ဖိနပ်အောက်မှာ ချေအီးချေလန့် ဖြစ် နေရတဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ အာရုံကြောတွေ တဖျဉ်းဖျဉ်း ဖြစ်ကုန် ပါတယ်။

ဆက်လက်ပြီး ဝန်ထမ်းတွေမှာ ကင်ဆာ ဆဲလ်တွေလို ခိုင်ခိုင်မာမာ အမြစ်တွယ် နေပြီဖြစ်တဲ့ အဂတိ လိုက်စားမှုတွေကို အစွမ်းကုန် တိုက်ဖျက် သွားပါ့မယ်ဆိုတဲ့ ကတိကို ရဲရဲကြီး ပေးခဲ့လေတော့ ကျွန်တော်တို့မှာ မြန်မာ ရုပ်ရှင် ဇာတ်ကားမှာ လူဆိုးတွေ ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ မင်းသမီးကို မင်းသား က သွားရောက်ကယ်တင်တဲ့ ဇာတ်ဝင်ခန်း ကို ကြည့်ရှု နေရသလို လက်ခုပ် တဖြောင်းဖြောင်းတီးပြီး လက်ခေါက် တရွှီရွှီ မှုတ်လိုက်ရတာများ မကြီးမငယ်နဲ့ ကဲလွန်းတယ်လို့ အပြောဆို ခံရမလောက် ပါပဲ။
ai-myaung
ဒါပေမဲ့ အခုလို ဝမ်းသာအားရ တီးမှုတ်နေရင်း အဖေ မကွယ်လွန်မီက ပြောပြခဲ့ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ကို အလိုလို သတိရမိပြီး တီးလက်စ လက်ခုပ်၊ မှုတ်လက်စ လက်ခေါက်ကို ဏကျေန နှိပ် (ခဏရပ်) ထားလိုက် ရပါတယ်။
အဖေ့ပုံပြင်လေးက ” ဘိန်းခန်း အိမ် မြှောင်” ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ အုပ်ချုပ်ခဲ့စဉ်က မြို့ရွာ အသီးသီးမှာ ဘိန်းခန်းတွေ လိုင်စင်နဲ့ ဖွင့်ခွင့် ပေးခဲ့ပါ တယ်။ ဒီဘက်ခေတ်မှာ လိုင်စင်ရ အရက် ဆိုင်တွေ ဖွင့်လှစ်ခွင့် ပြုခဲ့သလိုပေါ့။ ဒီလို ဘိန်းခန်းတွေ ဖွင့်လှစ်ခွင့် ပြုခြင်းအားဖြင့် အင်္ဂလိပ်အစိုးရမှာ အကျိုးအမြတ် နှစ်ခု ရရှိခဲ့ပါတယ်။ ပထမ အကျိုးအမြတ်က အခွန်အတုပ်တွေ ရရှိခြင်းဖြစ်ပြီး နောက် အကျိုးအမြတ် တစ်ခုကတော့ မြန်မာ လူမျိုးတွေ ဘိန်းစွဲသွားတဲ့အခါ သူတို့ကို ပြန်လည် မတော်လှန်နိုင်ခြင်းပါပဲ။ စီးပွားရေး အရရော၊ နိုင်ငံရေးအရပါ အကျိုးအမြတ် ကြီးကြီးမားမား ရရှိတဲ့ မဟာ ဗျူဟာမြောက် အကွက်ချ လုပ်ကြံ မှုကြီး တစ်ခုဆိုပါစို့။ အလားတူပဲ မြန်မာ နိုင်ငံကို န၀တနဲ့ နအဖ စစ်အစိုးရ အုပ်ချုပ်ခဲ့စဉ်က ချဲထီဒိုင်၊ နှစ်လုံးဒိုင်၊ ဘောလုံးပွဲဒိုင်..စသဖြင့်ကို တရားဝင် လောက်နီးနီး ရောင်းချ ခွင့်ပြု ခဲ့ကြတာ ဟာ အင်္ဂလိပ်အစိုးရရဲ့ လိုင်စင်ရ ဘိန်းခန်းဆိုတဲ့ နည်းဟောင်းကြီးကို မိတ္တူ ကူးခဲ့ကြခြင်းပါပဲ။ ဒီလို ရပ်ထဲ ရွာထဲမှာ လောင်းကစား လုပ်ငန်း တွေကို သိသိသာသာ ရှင်သန်ခွင့် ပေးထားခဲ့ခြင်း ကြောင့် ကိုယ့်တပည့် သားမြေးတွေလည်း လက်ဖျား ငွေသီး၊ ပြည်သူတွေလည်း အကြွေးနွံ၊ လောင်းကစားနွံထဲ နစ် သထက် နစ်လာတော့ ဘုံရန်သူကို အာရုံ မရောက်နိုင် တော့ဘူးပေါ့။ စေတနာနဲ့ လုပ်ဆောင်ချက်ကတော့ အင်္ဂလိပ် အစိုးရထက် မသာတောင် တစ်ရွေးသားမှ မလျော့ပါဘူး။ ထားလိုက်ပါတော့။ မူလ ပြောလိုရင်းဖြစ်တဲ့ ဘိန်းခန်း အိမ်မြှောင် ကို ပြန်ဆက်လိုက်ကြပါစို့။

အခုလို လိုင်စင်နဲ့ ဖွင့်လှစ်ကြတဲ့ ဘိန်း ခန်းတွေမှာ မှီတင်းနေထိုင်ကြတဲ့ အိမ်မြှောင်တွေဟာ နေ့စဉ်မိုးသောက် ဘိန်းခိုး ဘိန်းငွေ့တွေကို ရှူရှိုက်နေရလို့ ကြာတော့ ဘိန်းစွဲမှန်းမသိ စွဲသွားကြပါ တယ်။ ဒါကြောင့် ဒီအိမ်မြှောင်တွေဟာ ဘိန်းခန်းကို စွန့်ခွာပြီး တခြားဘယ် နေရာမှ မသွားသလောက်ပါပဲ။ ဒီလိုနဲ့ လွတ်လပ်ရေးရတဲ့အခါ အင်္ဂလိပ် အစိုးရ လက်ထက်က ဖွင့်လှစ်ခွင့်ပြုခဲ့တဲ့ ဘိန်းခန်းတွေကို ပိတ်ပစ်လိုက်တော့ ဘိန်းခန်း အိမ်မြှောင် တွေဟာ ရင်းထပြီး မျက်နှာကျက်ပေါ်က ပြုတ်ကျ သေဆုံးခဲ့ ကြသတဲ့။

အခုလည်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က အဂတိ လိုက်စားမှုတွေကို အစွမ်းကုန် တိုက်ဖျက်သွားပါ့မယ်လို့ ကြွေးကြော်ခဲ့လေတော့ ကျွန်တော် နည်းနည်း စိုးရိမ် မိခဲ့ပါတယ်။ တော်ကြာ ဝန်ထမ်းတွေ ရမြဲရနေကျ လာဘ်လာဘ တွေ မရတဲ့အခါ ဘိန်းခန်း အိမ်မြှောင်တွေ လို ရင်းထပြီး မျက်နှာကျက်ပေါ်က တဖြုတ်ဖြုတ် ပြုတ်ကျကုန်မှဖြင့် ခက်ရ ချည်ရဲ့။
အများ သိတော်မူကြတဲ့ အတိုင်းပါ ပဲ။ နိုင်ငံတော် သမ္မတဦးသိန်းစိန်က ၂၀၁၁ မတ်လ ၃၁ ရက်နေ့မှာ ပြုလုပ်တဲ့ “အမိန့်နာခံခြင်းနှင့် ကတိသစ္စာပြုခြင်း” အခမ်းအနားမှာ အစိုးရ ဌာနတွေမှာ ဖြစ်ပွားနေတဲ့ လာဘ်ပေး လာဘ်ယူမှုတွေ ကို အစွမ်းကုန် တိုက်ဖျက်သွားပါ့မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါအပြင် သမ္မတ ဦးသိန်းစိန်က ၂၀၁၃ ဇန်နဝါရီလ ၈ ရက်နေ့မှာ လာဘ်ပေး လာဘ်ယူ အရေးယူ ဆောင်ရွက်ရေး ကော်မရှင်ကို အမိန့်ကြေညာစာ အမှတ် (၉ ^ ၂၀၁၃) ထုတ်ပြန်ပြီး ဖွဲ့စည်း ပေးခဲ့ပါတယ်။

ဒီကော်မရှင်မှာ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဥက္ကဋ္ဌ၊ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း က အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်တွေအဖြစ် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ သမ္မတ ရုံးဝန်ကြီး ဦးသိန်းညွန့်၊ ဦးစိုးမောင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင်နဲ့ နိုင်ငံတော်သမ္မတ ဥပဒေအကြံပေး အဖွဲ့ဝင် ဦးကျော်သန်းတို့ ပါဝင်ကြပါ တယ်။
တဖန် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြည်ထောင်စု လွှတ်တော်မှာ ၂၀၁၃ ဩဂုတ်လမှာ ဥပဒေအမှတ် ၂၃ နဲ့ ပြဌာန်းခဲ့ပါတယ်။ အခုလို ကော်မရှင်တွေဖွဲ့၊ ဥပဒေတွေ အတည်ပြု ပြဌာန်းပြီး ဒီကော်မရှင်က အဂတိ လိုက်စားမှုတွေကို ဘယ်လောက် အတိုင်းအတာထိ အရေးယူ ဆောင်ရွက် နိုင်ခဲ့သလဲ ဆိုတာ စူးစမ်း ကြည့်ကြပါစို့။ အဂတိ လိုက်စားမှု ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၄ မတ်လ ၁၀ ရက်နေ့က ဩဂုတ်လ ၂၁ ရက်နေ့အထိ တိုင်ကြားစာ စုစုပေါင်း ၅၃၃ စောင် ရောက်ရှိလာပြီး အဆိုပါ တိုင်ကြား စာတွေအနက် ၃ စောင်သာ တိုင်ကြားမှု ပေါ်လွင်ပြီး အဂတိ လိုက်စားမှု ဥပဒေနဲ့ ငြိစွန်းနေတာ တွေ့ရသတဲ့။ အခုလို ကော်မရှင်ကို ရောက်ရှိလာတဲ့ တိုင်ကြားစာတွေ အနက် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာကို တိုင်ကြားမှုက ၂၃၈မှု၊ မြေယာမှု ၁၇၀၊ တရားရေးဆိုင်ရာ ၉၅မှုနဲ့ အထွေထွေက အမှု ၃၀ ဖြစ်ပါတယ်။ အထက်ပါ စာရင်းဇယားတွေကို ကြည့် လိုက်ခြင်းဖြင့် ရွှေသမင် ဘယ်ကထွက်သ လဲ ဆိုတာ ရှင်းနေပါပြီ။

ဒါပေမဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ၂၀၁၅ ဧပြီလ ၉ ရက်နေ့မှာ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ဂျပန် သတင်းစာ မိုင်နီချီရှင်ဘွန်းနဲ့ သီးသန့် တွေ့ဆုံမှုတစ်ခုမှာ ဝန်ထမ်းတွေ အဂတိ လိုက်စားမှုနဲ့ ပတ်သက်ပြီး အခုလို ကာကာကွယ်ကွယ် လေး ဖြေကြားခဲ့ပါ တယ်။
” လက်ဆောင်ပေးတာဟာ မြန်မာ့ အစဉ်အလာ တစ်ရပ်သာ မဟုတ်ပါဘူး။ ဂျပန် လူမျိုးတွေမှာလည်း ဒီအစဉ်အလာ ရှိပါတယ်။ ကိုယ်နဲ့ ခင်မင် ရင်းနှီးသူ တွေကို စားစရာ အပြင် အခြားသော အရာတွေကို ခင်ဗျားတို့လည်း လက် ဆောင်အဖြစ် ပေးတတ်ကြပါတယ်။ ဒီလိုပေးတာ ခင်မင်တဲ့ စိတ်အခံနဲ့ ပေးတာပါ” ။

” တခြားပေးနည်း ပုံစံ တစ်ခုကတော့ ခင်ဗျားတို့ ပြဿနာကို ဖြေရှင်းပေးခဲ့သူ တစ်ယောက်ကို ဝတ္ထုပစ္စည်း ဒါမှမဟုတ် တစ်စုံတစ်ရာသော ငွေကြေးနဲ့ တုံ့ပြန် ပေးတာပါ။ ဒါကလည်း ကိုယ့်လွတ် လပ်ခွင့်နဲ့ ကိုယ်ပါ” တဲ့။
ဟုတ်ပါတယ်။ သမ္မတရဲ့ စကားဟာ လျော်ကန် သင့်မြတ် လှပါပေတယ်။ ဒါပေမဲ့ အကြွင်းမဲ့တော့ မဟုတ်ပါဘူး။ ရုံးပြင်ကန္နားကို မလွဲသာ လို့ သွားရောက်ရတဲ့အခါ ဝန်ထမ်း အတော်များများဟာ ကျွန်တော်တို့ကို ဘယ်ကိစ္စအတွက် ဘယ်သူ့ကို ဘယ်လောက် ပေးရမလဲလို့ ကြေးသတ်မှတ်မပေးပါဘူး။ ပေးချင်ပေး မပေးချင်နေ (သမ္မတကြီး ပြောသလို) ကိုယ့်လွတ်လပ်ခွင့်နဲ့ ကိုယ်ပါပဲ။

ဒါပေမဲ့ ကိုယ်က အလိုက်ကမ်း ဆိုး မသိဘဲ လက်ဖက်ရည်လေး တစ်ခွက် တောင် တိုက်မထားရင် ကလေးတွေ ပြောနေသလိုစောင့်လော့ အသင် ပုဏ္ဏား ပေါ့။ စာရွက်ပေါ်မှာ လက်မှတ် လေး တစ်ချက်ထိုးဖို့အရေး ဦးစီးမှူး မအား သေးလို့၊ စာရေးမ ဗိုက်အောင့်နေလို့၊ ထမင်းစား ပြန်သွားလို့၊ အစည်းအဝေး သွားတက်နေလို့…စသည်ဖြင့် အရေးယူ လို့ မရနိုင်တဲ့ ဥပဒေဘောင်အတွင်းက ညစ်လုံးတွေကြောင့် အလုပ်အကိုင် အပျက်ခံပြီး ရုံးကို နေ့တိုင်း သွားပေရော့ ပဲ။ ကြာတော့ စိတ်ညစ် မခံနိုင်တဲ့ အဆုံး ဈေးစကား ပြောရတော့တာပါပဲ။ အမှု ကိစ္စ အကြီးအသေးအလိုက် ပေးရ ကမ်းရ တော့တာပဲ။ အခုလို လာဘ်ပေး လာဘ်ယူ ကိစ္စတွေကို အသံဖိုင်နဲ့ဖမ်း၊ ဓာတ်ပုံ တိတ်တခိုးရိုက်ပြီး လာဘ်ပေး လာဘ်ယူ အရေးယူ ဆောင်ရွက်ရေး ကော်မရှင်ကို တိုင်ကြားခဲ့ဦးတော့ ဒီအသံဖိုင်တွေ၊ ဓာတ်ပုံတွေကို သက်သေခံ အနေနဲ့ မှတ်ယူပါ့မလား။ လက်ပံတန်းမှာ ဆန္ဒပြ ကျောင်းသား တစ်ယောက်ကို ရဲ ၄-၅ ယောက်က နံပါတ်တုတ်တွေနဲ့ ဝိုင်းရိုက်နေကြတဲ့ ဓာတ်ပုံတွေကိုတောင် ဖိုတိုရှော့ လုပ်ထားတာပါ၊ ရဲတွေက ရွယ်ရုံ ရွယ်တာပါလို့ ကျားကျားမီးယပ် လုပ်နေမှတော့ ဘယ်သူက ယုံယုံ ကြည်ကြည် တိုင်တော ရဲပါတော့မလဲ။ ဒါအပြင် နံပါတ်တုတ် အကျိုးအပဲ့တွေကို သက်သေခံ ပစ္စည်းအဖြစ် တရားရုံးမှာ တင်ပြတာတောင် ဒီနံပါတ်တုတ်တွေဟာ ပြင်ပမှာ ဘယ်သူမဆို ဝယ်ယူလို့ ရနိုင်ပါ တယ်လို့ လက်ပံတန်း ရဲမှူးကြီး ကိုယ်တိုင် ဖြောင့်ကွယ် ကွယ်နေမှတော့ ဘယ်သူက အဖက်လုပ် တိုင်တန်း ချင်ပါတော့ မလဲ။ အခန့်မသင့်ရင် ကိုယ်တောင် အသရေ ဖျက်မှုနဲ့ တရားပြန်အစွဲခံရပြီး ထောင်နန်း စံ သွားရနိုင်တယ် မဟုတ်လား။
ဒါအပြင် သမ္မတကြီးက ခင်မင် ရင်းနှီးမှုကြောင့် ဒေါ်လာ ၃၀၀(မြန်မာငွေ သုံးသိန်းခန့်) လက်ဆောင်ပေးခြင်းကို အဂတိလိုက်စားမှု မမည်လို့ ဗျာဒိတ် တော် ပေးခဲ့လေတော့ အကျင့်ပျက် ဝန်ထမ်းတွေ လက်ခမောင်းခတ်ကြ ပြီပေါ့။

တခြား ရှည်ရှည်ဝေးဝေး သိပ်မပြော ချင်ပါဘူး။ ကိုယ့်ဒေသမှာ လက်ရှိ ဖြစ် နေတဲ့ အဖြစ်အပျက်လေး တချို့ကို စတိ သဘောလောက် ပြောပြချင်ပါတယ်။ ကျွန်တော်တို့ မြို့မှာ ချဲထီ၊ နှစ်လုံးထီ၊ ဘောလုံးပွဲ အစရှိတဲ့ လောင်းကစားမှု တွေကို စီမံချက်အရ မဖြစ်မနေ ဖမ်းဆီးရ တဲ့အခါ လက်ခွဲ အရောင်းသမားလေးတွေ လောက်သာ အဖမ်းဆီးခံရပြီး နောက်ကွယ် က ငွေကြီး ကစားနေကြတဲ့ ဒိုင်ချုပ်ကြီး တွေက ဘယ်တော့မှ အဖမ်းဆီး ခံရလေ့
မရှိပါဘူး။ ဒါအပြင် ရပ်ထဲရွာထဲမှာ ငါးခြောက် လှန်းတဲ့သူကို အနံ့ဆိုးဒဏ် မခံနိုင်ကြတဲ့ အိမ်နီးချင်းတွေက ဝိုင်းဝန်းတိုင်ကြားလို့ ရယက ဥက္ကဋ္ဌကြီးက ချက်ချင်း လာရောက် ဟန့်တားပေမယ့် တစ်မြို့လုံးကို ဆယ်စုနှစ်နဲ့ ချီပြီး အနံ့ဆိုးနဲ့ ဒုက္ခပေးနေတဲ့ ငါးအမှုန့်ကြိတ် စက်ရုံကိုတော့ တာဝန်ရှိသူတွေက နှာစေးနေ လိုက်ကြတယ်။ အခုလို အောက်ခြေဝန်ထမ်းတွေ ဥပဒေကို လိုတစ်မျိုး မလိုတစ်မျိုး မျှော့ကြိုးလို အလျော့အတင်း ပြုလုပ်နေကြတာ၊ ဝန်ထမ်း အများစုဟာ ဘိန်းခန်း အိမ်မြှောင်တွေ ဖြစ်နေကြတာ သမ္မတကြီးနဲ့ လာဘ်ပေးလာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မရှင်က လူကြီးမင်းတွေ သိမှ သိပါလေစ။
အကယ်၍ သိချင်စိတ်လေး နည်းနည်းရှိခဲ့ရင် ရှေးက ရှင်ဘုရင်တွေလို ညကြီး မိုးချုပ်မှာ သူဆင်းရဲအယောင်ဆောင်ပြီး ရပ်ထဲရွာထဲ ဆင်းစနည်းနာကြည့်ပါလားလို့ မဝံ့မရဲ တိုက်တွန်းလိုက် ချင်ပါတယ်။ မင်းနေပြည်တော်မှာ နေ၊ အောက်ခြေဝန်ထမ်းတွေ ဖုံးဖုံးဖိဖိ တင်သမျှ အစီရင်ခံ စာတွေဖတ်ပြီး စီးတော် ယာဉ်ကြီးယာဉ်ငယ်အသွယ်သွယ်နဲ့ တိုင်းခန်းလှည့်နေလို့ကတော့ သမ္မတကြီး အနေနဲ့ ပြည်သူတွေရဲ့ အသံကို ကြားရဖို့ မလွယ်ကူသလို ပြည်သူတွေရဲ့ ပကတိ အခြေနေမှန်ကို သိရဖို့မဖြစ်နိုင် သလောက်ပါပဲ။

အကယ်၍ ဒီလို သမ္မတကြီးကိုယ်တိုင် စနည်းနာလို့ အခြေအနေမှန်ကို သိရှိရပြီး လပိုင်းလောက်သာ ကျန်ရှိ တော့တဲ့ အစိုးရအဖွဲ့ သက်တမ်းမှာ နာမည်ကောင်းယူတဲ့ အနေနဲ့ အကျင့်ပျက် ဝန်ထမ်းတွေကို ပြတ်ပြတ် သားသား ဖော်ထုတ် အရေးယူ ခဲ့မယ်ဆိုရင် ကျွန်တော့်အနေနဲ့ သာဓု အကြိမ်ကြိမ်ခေါ်မိမှာ ဖြစ်သလို ဝန်ထမ်းတွေ ရှားပါးကုန်မှာလည်း စိုးရိမ် မိကြောင်းပါခင်ဗျား။