မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
စက်တင်ဘာလ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ
အလှည့်ကျဥက္ကဋ္ဌနေရာ စစ်ကောင်စီကိုမပေးဘဲ လာအိုကို လွှဲပေးလိုက်တဲ့ အာဆီယံ
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကို မလွှဲပေးဖို့ အာဆီယံခေါင်းဆောင်တွေက ဆုံးဖြတ်ပြီး လာအိုနိုင်ငံဆီကို တာဝန်လွှဲပေးလိုက်ပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၂၆ မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ရယူရမှာပါ။ ဒါပေမဲ့ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို ဥက္ကဋ္ဌနေရာ မပေးဖို့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ စက်တင်ဘာလ ၅ရက်နေ့က ကျင်းပတဲ့ အာဆီယံထိပ်သီး အစည်းအဝေး ပထမနေ့မှာပဲ အာဆီယံခေါင်းဆောင်တွေ ဆုံးဖြတ်လိုက်တာပါ။
ဒါကြောင့် မြန်မာနောက်မှာ တာဝန်ယူရမယ့် ဖိလစ်ပိုင်ကို အလှည့်ကျော်ပြီး ဥက္ကဋ္ဌနေရာ အစားထိုးလွှဲပေးတာကို ဖိလစ်ပိုင်ကလည်း လက်ခံရယူခဲ့ပါတယ်။
စစ်ကောင်စီဟာ အာဆီယံထိပ်သီးအစည်းအဝေးကို တစ်ကြိမ်ပဲ တက်ရောက်ခွင့်ရောက်ခဲ့ပြီး အဲဒီနောက်မှာ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက်ကို လိုက်နာမှု အားနည်းလို့ နောက်ထပ် အစည်းအဝေးတွေမှာ ဖယ်ချန်ခံရပါတယ်။
အာဆီယံဥက္ကဋ္ဌနေရာ မလွှဲပေးဖို့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံတကာ အသိအမှတ်ပြုမှု ရဖို့ကြိုးပမ်းနေတဲ့ စစ်ကောင်စီအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်တယ်လို့ ပြောဆိုမှုတွေရှိပါတယ်။
ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန် အပါအဝင် နိုင်ငံတကာ စစ်ကောင်စီကို အရေးယူဆောင်ရွက်နေတာကြောင့် သူတို့နဲ့ အာဆီယံကြား ဆက်ဆံရေး ထိခိုက်မှာစိုးရိမ်လို့ ဥက္ကဋ္ဌနေရာမပေးဖို့ ဆုံးဖြတ်တာဖြစ်နိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။
……………………………………
မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူဖို့ မလေးရှားပြော
မြန်မာစစ်ခေါင်းဆောင်တွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေး အကြို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ စက်တင်ဘာလ ၄ရက်နေ့က ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အခုလို ပြောဆိုလိုက်တာပါ။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေဟာ စစ်အာဏာသိမ်းမှုနဲ့အတူ ရပ်တန့်သွားခဲ့ရပြီး အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုတွေ တိုးလာတာနဲ့ ပတ်သက်လို့ မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူရမယ်လို့ မလေးရှားက ပြတ်ပြတ်သားသား ပြောဆိုလာတာပါ။
……………………………………
စစ်ကောင်စီကျင်းပမယ့် လေတပ်ညီလာခံ အာဆီယံနိုင်ငံတချို့မတက်
မြန်မာစစ်ကောင်စီက ကျင်းပမယ့် အာဆီယံလေတပ်အကြီးအကဲများညီလာခံ ကန့်ကွက်ခံနေရပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံအချို့ကလည်း မတက်ရောက်ဘူးလို့ ပြောဆိုထားပါတယ်။
ညီလာခံကို နေပြည်တော်မှာ စက်တင်ဘာလ ၁၂ရက်နေ့ကနေ ၁၅ရက်နေ့အထိ ကျင်းပမှာလည်းဖြစ်ပါတယ်။
မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ညီလာခံကို မတက်ရောက်ဘူးလို့ ပြောဆိုထားပြီး ဖိလစ်ပိုင်ကတော့ လူကိုယ်တိုင် မတက်ရောက်ဘဲ ဗီဒီယိုသတင်းစကားပါးမယ်လို့ ပြောဆိုကြောင်း The Straits Times သတင်းတစ်ရပ်မှာ စက်တင်ဘာ ၇ ရက်နေ့က ဖော်ပြပါတယ်။
စင်ကာပူ၊ ဗီယက်နမ်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတွေဘက်ကတော့ ညီလာခံတက်မတက် ပြောဆိုတာ မရှိသေးပါဘူး။ ထိုင်းကတော့ တက်မယ်လို့ ပြောဆိုထားပါတယ်။
အရပ်သားပြည်သူတွေကိုသတ်ဖြတ်နေတဲ့ စစ်ကောင်စီက ပြုလုပ်မယ့်ညီလာခံကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ မတက်ရောက်ကြဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ Justice for Myanmar အဖွဲ့တို့က တောင်းဆိုထားပါတယ်။
ညီလာခံဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မယ့် စစ်ကောင်စီ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်ဟာ အမေရိကန်နဲ့ ဗြိတိန်အစိုးရတို့ ပိတ်ဆို့အရေးယူတာကို ခံထားရသူလည်းဖြစ်ပါတယ်။
……………………………………
ဒေါ်အောင်ဆန်းစုကြည် ဆေးကုခွင့်ရဖို့ ကုလတိုက်တွန်း
စစ်ကောင်စီက ဖမ်းဆီးပြီးနှစ်ရှည်ထောင်ဒဏ်ချမှတ်ထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဆေးကုသခွင့်ရရှိဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ဆေးကုသခွင့်ရသင့်တယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။
နောက်တစ်ခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ အာဆီယံခေါင်းဆောင်တချို့လည်း စိုးရိမ်နေတဲ့အကြောင်း ဂျာကာတာမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ပြောဆိုကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သွားကိုက်ဝေဒနာ ခံစားရလို့ ပိုးသတ်ဆေးတွေ သောက်နေရပြီး ပြင်ပအထူးကုနဲ့ ကုသခွင့်ရဖို့ တောင်းဆိုတာကို စစ်ကောင်စီဘက်က ခွင့်မပြုဘူးဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်နေတာပါ။
……………………………………
မြဝတီခရိုင်ထွေအုပ်ရုံး ဒရုန်းနဲ့တိုက်ခ်ိုက်ခံရလို့ ယာယီတပ်ရင်းမှူး၊ ခရိုင်မှူးအပါအဝင် ငါးဦးသေဆုံး
ကရင်ပြည်နယ် မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရတာကြောင့် ယာယီတပ်ရင်းမှူး၊ ခရိုင်မှူးအပါအဝင် လူငါးဦးသေဆုံးပြီး တစ်ဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA နဲ့ PDF ပူးပေါင်းတပ်တွေက စက်တင်ဘာလ ၃ရက် ညနေ ၆နာရီကျော်မှာ ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို ဒရုန်းနဲ့ ဗုံးနှစ်လုံးချပြီး တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလို တိုက်ခိုက်ခံရမှုကို စစ်ကောင်စီဘက်က လာရောက်စစ်ဆေးနေချိန် ထပ်မံ ဗုံးနှစ်လုံး ထပ်ချပြီး တိုက်ခိုက်ခံရပြန်ပါတယ်။
ဒါကြောင့် ခလရ ၂၇၅ ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ကျော်မင်း၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး၊ ရဲအုပ်တစ်ဦးနဲ့ ထွေအုပ်ဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူတချို့ကို ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ပို့ဆောင်ဆေးကုသပေးနေတယ်လို့ သိရပါတယ်။
ဒီလိုတိုက်ခိုက်ခံရပြီးနောက်မှာတော့ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားပါတယ်။
မြဝတီက စစ်ကောင်စီဝန်ထမ်းတွေနဲ့ မိသားစုတွေ ဌာနဆိုင်ရာရုံးတွေနဲ့ ဝန်ထမ်းအိမ်ရာတွေကနေ ထွက်ခွာကြဖို့ Federal Wings ဒရုန်းတပ်ဖွဲ့က သတိပေးထားပါတယ်။
……………………………………
Myanmar Now သတင်းထောက် ထောင်နှစ် ၂၀ ချခံရ
Myanmar Now သတင်းဌာနက ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီ စစ်ခုံရုံးက ထောင်ဒဏ်နှစ် ၂၀ ချမှတ်လိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းဒဏ်ခံရမှုကို သတင်းသွားယူတဲ့ အသက် ၄ဝအရွယ် ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီတပ်က စစ်တွေမြို့နယ်ထဲမှာ မေလ ၂၃ရက်နေ့က ဖမ်းဆီးခဲ့တာပါ။
စစ်တွေမှာ ဖမ်းမိတာကို ရန်ကုန်သို့ ပြောင်းရွှေ့ခဲ့ပါတယ်။ ရန်ကုန်က စစ်ကြောရေးတစ်ခုမှာ ဖမ်းဆီးနှိပ်စက်ခဲ့ပြီး ပုဒ်မမျိုးစုံနဲ့ အမှုဖွင့်ချုပ်နှောင်ခံရတယ်လို့ Myanmar Now က ထုတ်ပြန်ထားပါတယ်။
အဲဒီနောက် အင်းစိန်အကျဉ်းထောင်မှာရှိတဲ့ စစ်ခုံရုံးကနေ စက်တင်ဘာလ ၆ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၂၀ ချလိုက်တာပါ။
ကိုစိုင်းဇော်သိုက်ဟာ အသက်အန္တရာယ်ကို မငဲ့ဘဲ အမြဲတမ်းရှေ့တန်းက သတင်းယူနေသူဖြစ်တယ်လို့ Myanmar Now က ဆိုပါတယ်။
စစ်ကောင်စီက သတင်းသမားတွေကို ဖမ်းဆီးပြစ်ဒဏ်ချတဲ့အထဲမှာ ကိုစိုင်းဇော်သိုက်ဟာ ပြစ်ဒဏ်အများဆုံး ချမှတ်ခံရသူ ဖြစ်ပြီး သတင်းသမားတွေကို အခုလို ဖမ်းဆီးပြစ်ဒဏ်ချနေတဲ့အပေါ် ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။
……………………………………
လစာကိစ္စ ဆန္ဒပြတောင်းဆိုတဲ့ INGO ဝန်ထမ်း ၈၀ ကျော်အလုပ်ထုတ်ခံရ
လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့အခြေစိုက် လူသာရမ်ဝေါလ် ဖက်ဒရေးရှင်း LWF ရဲ့ ရခိုင်ပြည်နယ် စစ်တွေရုံးမှာ တာဝန်ထမ်းေဆောင်နေတဲ့ ဝန်ထမ်း ၈၀ ကျော် အလုပ်ထုတ်ခံလိုက်ရပါတယ်။
ယူရိုကနေ မြန်မာကျပ်ငွေနဲ့ လဲပြီး လစာပေးချေရာမှာ ပုဂ္ဂလိကဘဏ်တွေရဲ့ ပေါက်ဈေး တစ်ယူရို ၃၈၀၀ ကျပ်နဲ့ ပေးချေတာ မဟုတ်ဘဲ စစ်ကောင်စီဗဟိုဘဏ်က သတ်မှတ်ထားတဲ့ တစ်ယူရို ၂၂၀၀ ကျပ်နဲ့ပဲ ပေးချေနေတယ်လို့ ဆိုပါတယ်။
ဒါကို ပုဂ္ဂလိကဘဏ်တွေရဲ့ ပေါက်ဈေးအတိုင်းပေးဖို့ ရုံးတွင် အသံတိတ်ဆန္ဒပြတောင်းဆိုတာကိုတာကို ဖြေရှင်းတာတွေ မရှိဘဲ စက်တင်ဘာလ ၄ရက်နေ့မှာ အလုပ်ကနေ တစ်ပြိုင်နက်တည်း ထုတ်ပစ်တာလို့ ဝန်ထမ်းတွေက ဆိုပါတယ်။
တရားဝင် ငွေလဲလို့ ရတဲ့အတိုင်း ဝန်ထမ်းတွေကို လစာမပေးချေဘဲ ခေါင်းပုံဖြတ်နေတာလို့လည်း ဝန်ထမ်းတွေဘက်က ပြောဆိုထားကြပါတယ်။ LWF ဘက်ကတော့ တရားဝင် တုံ့ပြန်တာမျိုး မရှိသေးပါဘူး။
……………………………………