ဆင်ကူးရွာတွင် အိမ်သုံးလုံးကို စစ်ကောင်စီတပ်မီးရှို့၊ မြိတ်-ထားဝယ် ခရီးသည်သုံးရာကျော် တစ်ညပိတ်မိ

0
390

သရက်ချောင်းမြို့အနီးက ဆင်ကူးကျေးရွာတွင် ဧပြီလ ၂၂ ရက် ညပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က နေအိမ်သုံးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ဆင်ကူးရွာ သံတံတားအနီးရှိ နေအိမ်သုံးလုံးကို မီးရှို့သွားခြင်းဖြစ်ကြောင်း ဆင်ကူးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါနေရာအနီးသို့ PDF အချို့ ရောက်ရှိခဲ့သည်ဟု သတင်းကြားရပြီး ယင်းနောက်ပိုင်းတွင် စစ်ကောင်စီတပ်က ရောက်ရှိလာကာ မီးရှို့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဒေသခံနေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဖက်ဒရယ်စစ်ကြောင်းက ဒုစစ်ကြောင်းမှူး ကိုမင်းထက်က ပြောဆိုသည်။

“ဆင်ကူးနဲ့ ဘုတ်ကိုင်းပေါ့ဗျာ၊ အဲ့ဒီရွာတွေမှာရှိတဲ့ ပြည်သူလူထုနေအိမ်တွေကို မီးရှို့တာတော့သိရတယ်။ ဒါပေမဲ့ ဘယ်နှစ်ဆောင် ရ (ပါ) သွားလဲဆိုတာတော့ အခြေအနေက ရှုပ်ထွေးနေတဲ့အချိန်မို့ ကျွန်တော်တို့လည်း သေချာတော့ မသိရသေး။ ရှို့တာကတော့ မှန်ပါတယ်” ဟု ၎င်းက ပြောသည်။

ဧပြီလ ၂၂ ရက် နံနက်စောစောတွင် သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက် ဘောလုံးကွင်းကနေ ဆင်ကူးရွာကို စစ်ကောင်စီတပ် ရောက်ရှိလာတည်းက ဆင်ကူး၊ ဘုတ်ကိုင်းရွာက ဒေသခံများ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံတို့ထံမှ သိရသည်။

နေ့လယ်ပိုင်းတွင် ဆင်ကူးရွာကို ရောက်နေသည့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ပစ်ခတ်သံ နှစ်ချက်ကြားရပြီး လက်နက်ငယ်ပစ်ခတ်သံ ဆယ်ချက်ခန့် ကြားရကြောင်း ဒေသခံအချို့က ပြောသည်။

မြိတ်-ထားဝယ် အတက်အဆင်း ကားများအားလုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြတ်သန်းခွင့်ပိတ်ထားသောကြောင့် ခရီးသည် ၃၀၀ ခန့် နီးစပ်ရာ ကျေးရွာက နေအိမ်များနှင့် ဘုန်းကြီးကျောင်းတွင် တစ်ညအိပ်ခဲ့ရကြောင်း ဒေသခံအချို့က ပြောသည်။

ခရီးသည် ၃၀၀ ခန့်ကို သရက်ချောင်းမြို့မရပ်ကွက်က မြတ်ပါရမီပရဟိတအသင်းက စားစရာများနှင့် နေရာထိုင်ခင်း ကူညီပေးခဲ့ကြောင်း ယင်းအသင်းထံမှ သိရသည်။

ယနေ့ နံနက်စောစောပိုင်းတွင် ခရီးသွားကားများအားလုံးကို ဖြတ်သန်းခွင့်ပေးလိုက်သဖြင့် ကားများအားလုံး ထွက်သွားပြီဖြစ်ကြောင်း မြတ်ပါရမီပရဟိတအသင်းဝင် တစ်ဦးက ပြောသည်။

အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီတပ်သည် ဆင်ကူးရွာနှင့် ဘုတ်ကိုင်းရွာကြားတွင် ဆက်ရှိနေပြီး ယနေ့ နံနက်ပိုင်း တွင် အင်အား ၄၀ ခန့်ရှိသည့် စစ်ကောင်စီတပ် နောက်တစ်ဖွဲ့မှာ ရေလမ်းကနေ လှေနှစ်စီးဖြင့် ဝင်းဝနယ်မြေရဲစခန်း ဘက်ကို စစ်ကြောင်းထိုးလာကြောင်း ကိုမင်းထက်က ပြောသည်။