တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
666

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဧပြီ ၇ ရက်မှ ၁၂ ရက်နေ့အထိ

မြဝတီမြို့ကို KNU သိမ်းယူ၊ နယ်စပ်ကုန်သွယ်ရေးရပ်ဆိုင်း

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်ပြီး စစ်ရေးအရရော စီးပွားရေးအရပါ အရေးပါတဲ့ ကရင်ပြည်နယ် မြဝတီမြို့ကို ကရင်အမျိုးသား အစည်းအရုံး KNU က သိမ်းယူထိန်းချုပ်ထားပြီဖြစ်ပါတယ်။

မြဝတီမြို့အနီးက သင်္ဃန်းညီနောင်မြို့မှာရှိတဲ့ စစ်ဗျူဟာကို ဧပြီလ ၅ရက်နေ့မှာ KNU ရဲ့ တပ်ဖြစ်တဲ့ KNLA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်တွေက သိမ်းယူနိုင်ခဲ့ပါတယ်။ ဗျူဟာမှူးအပါအဝင် အရာရှိအဆင့်တွေ၊ တပ်သားတွေ၊ ရဲမေတွေနဲ့ မိသားစုဝင် ခြောက်ရာကျော် လက်နက်ချခဲ့တာပါ။

အဲဒီနောက် မြဝတီမှာ တစ်ခုတည်းရှိတဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ် ခလရ ၂၇၅ တပ်ရင်းကို လက်နက်ချဖို့ ညှိနှိုင်းပေမယ့် လက်နက် မချတာကြောင့် ဧပြီလ ၉ ရက်နေ့မှာ KNLA ၊ KNDO နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက် ပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းနဲ့ ပြန်လည်တိုက်ခိုက်တာကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး သုံးရက်မြောက်နေ့ဖြစ်တဲ့ ဧပြီလ ၁၁ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ရာခန့်ဟာ စခန်း စွန့်ခွာပြီး ထိုင်းနိုင်ငံကို ထွက်ပြေးဖို့ ကြိုးစားတာကြောင့် စခန်းကို KNU က သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့မှာပဲ ကုန်သွယ်ရေးအတွက် အဓိကအသုံးပြုတဲ့ ချစ်ကြည်ရေးတံတားအမှတ် ၂ ကို ထိုင်းဘက်က ပိတ်လိုက်တာ၊ နယ်စပ်ကုန်သွယ်ရေးစခန်းက စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေ ထွက်ပြေးတာတွေကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသွားပါတယ်။

တိုက်ပွဲတွေ ပြင်းထန်ပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် မြဝတီမြို့ခံ ထောင်သောင်းချီပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ထွက်ပေးခိုလှုံနေကြရပါတယ်။ ထိုင်းအစိုးရကတော့ မြန်မာဘက်က ယာယီတိမ်းရှောင်လာသူ တစ်သိန်းလောက်အထိကို လက်ခံသွားဖို့ အဆင်သင့် ပြင်ထားတယ်လို့ ဆိုပါတယ်။ ထိုင်းဘက်ကတော့ နယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြှင့်တင်းကျပ်ထားပါတယ်။

……………………………………..

စစ်ကောင်စီတပ် အင်အားချည့်နဲ့လာပြီလို့ ထိုင်းဝန်ကြီးချုပ်ပြော

မြန်မာစစ်ကောင်စီတပ်ဟာ အင်အားချည့်နဲ့လာပြီဖြစ်တာကြောင့် ဆွေးနွေးရမယ့်အချိန်ရောက်ပြီလို့ ထိုင်းဝန်ကြီးချုပ် စေထာထဝီဆင်က ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီတပ်ဟာ အင်အားနည်းနေပြီဆိုပေမယ့် အာဏာနဲ့ လက်နက်ရှိနေဆဲဖြစ်တာကြောင့် ထိတွေ့ဆက်ဆံ ဆွေးနွေးပြီး သဘောတူချက် ရယူရမယ့်အချိန်လို့ ရိုက်တာသတင်းဌာနနဲ့ ဧပြီလ ၈ရက်နေ့က တွေ့ဆုံချိန်မှာ ပြောဆိုခဲ့တာပါ။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်တွေက ဝိုင်းဝန်းတိုက်ခိုက်ထိန်းချုပ်လာနိုင်ချိန်၊ နိုင်ငံတဝန်း စစ်မျက်နှာတွေမှာ စစ်ကောင်စီ အရေးနိမ့်နေချိန်မှာ ထိုင်းဝန်ကြီးချုပ်က အခုလိုပဲ ပြောဆိုလိုက်တာပါ။

ဧပြီလ ၉ရက်နေ့မှာ ထိုင်းအစိုးရအဖွဲ့ ကျင်းပတဲ့ မြန်မာအရေးအရေးပေါ်အစည်းအဝေးမှာတော့ မြန်မာအရေး အစုအဖွဲ့အားလုံးနဲ့ ဆွေးနွေးဖို့ ထိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

……………………………………..

မြေမြှုပ်မိုင်းကြောင့် တစ်နှစ်အတွင်း လူတစ်ထောင်ကျော်သေဆုံး

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် သေဆုံးမှုနှုန်းအမြင့်ဆုံး ဖြစ်လာပြီး ၂၀၂၃ မှာဆိုရင် လူ တစ်ထောင်ကျော် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

ဒါဟာ ကုလသမဂ္ဂက မြန်မာနိုင်ငံမှာ မှတ်တမ်းတင်လာခဲ့တဲ့ ကာလတစ်လျှောက်မှာ သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်လာတာလို့ ဆိုပါတယ်။ လူ ၃၉၀ကျော်သေဆုံးခဲ့တဲ့ ၂၀၂၂ နဲ့ နှိုင်းယှဉ်ရင် သေဆုံးမှုက ၂၇၀ ရာခိုင်နှုန်းအထိ တိုးလာတာပါ။

၂၀၂၃မှာ သေဆုံးသူ တစ်ထောင်ကျော်ထဲက လေးပုံတစ်ပုံဟာ ကလေးတွေဖြစ်ပါတယ်။ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်အကြွင်းအကျန် ပျံ့နှံ့မှုဟာ စိုးရိမ်ဖွယ်ဖြစ်လာပြီး အရပ်သားတွေအတွက် ဆိုးရွားတဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုဖြစ်လာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိုနှိုင်းရေးရုံးက ဧပြီလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

……………………………………..

စစ်ခေါင်းဆောင်တွေရှိတဲ့နေရာတွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရ

စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရောက်ရှိနေတဲ့ မော်လမြိုင်မြို့က အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ဒရုန်းနဲ့ တိုက်ခိုက်ခံရသလို စစ်ခေါင်းဆောင်တွေရှိတဲ့နေရာတွေ ပစ်မှတ်ထား တိုက်ခိုက်ခံနေရပါတယ်။

ရတခမှာ ဧပြီလ ၈ရက်က ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့အဖွဲ့ အစည်းအဝေးလုပ်နေချိန် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလို့ Alpha Bats ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒရုန်းအဆုံးခံပြီး ဖောက်ခွဲတိုက်ခိုက်တဲ့ Fixed Wing Drone ဒရုန်းအမျိုးအစားနဲ့ တိုက်ခိုက် တာဖြစ်ပြီး ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က အထိခိုက်ရှိတယ်လို့ Alpha Bats အဖွဲ့က ဆိုပါ။ စစ်ကောင်စီကတော့ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း တာဝန်ပုံမှန်ထမ်းဆောင်နေတယ်လို့ တုံ့ပြန်ထားပါတယ်။

ဧပြီလ ၆ရက်နေ့ကလည်း စစ်ကောင်စီ ဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး မြထွန်းဦးရဲ့ မုဒုံခရီးစဉ်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ ရပါသေးတယ်။ ပြင်ဦးလွင်မြို့မှာရှိတဲ့ စစ်တက္ကသိုလ် (DSA) ကိုလည်း တော်လှန်ရေးတပ်တွေက ဧပြီလ ၈ရက်နေ့မှာ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ နေပြည်တော် အေလာလေဆိပ်နဲ့ စစ်ရုံးချုပ်လည်း ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရပါသေးတယ်။ အေလာလေဆိပ်ဟာ ဧပြီလ ၁၁ ရက်နေ့မှာလည်း ရှော့တိုက်ဒုံးတွေနဲ့ ထပ်မံတိုက်ခိုက်ခံခဲ့ရပါတယ်။

……………………………………..

ရွှေဈေး သုံးရက်အတွင်း သုံးသိန်းခုန်တက်ပြီး ကျပ် ၄၈ သိန်းအထိရောက်လာ

ပြည်တွင်းရွှေဈေးဟာ သုံးရက်အတွင်း ကျပ်သုံးသိန်းလောက် ခုန်တက်သွားပြီး အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၄၈ သိန်းအထိ ရောက်ရှိလာပါတယ်။

ဧပြီလ ၈ရက်က တစ်ကျပ်သားကို ၄၅သိန်း စွန်းစွန်းရှိရာကနေ ဧပြီလ ၁၁ ရက်နေ့မှာ ၄၈သိန်းအထိဖြစ်လာတာပါ။ ဧပြီလ ၁၂ ရက်မှာတော့ ရွှေဈေးသောင်းဂဏန်းဈေးပြန်ကျနေပါတယ်။ မတ်လ ဆန်းကဆိုရင် အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်သိန်း ၄၀ စွန်းစွန်းပဲရှိခဲ့တာကြောင့် တစ်လကျော်ကာလမှာ ကျပ် ရှစ်သိန်းအထိ ဈေးတက်လာတာလည်း ဖြစ်ပါတယ်။

ရွှေဈေးတက်တာကြောင့် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ရွှေဆိုင်နဲ့ လုပ်ငန်းတချို့ကို လုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်သိမ်းတာတွေ လုပ်လာပါတယ်။ ဒီလိုအရေးယူနေပေမယ့် ရွှေဈေးကတော့ တက်နေဆဲဖြစ်ပါတယ်။

……………………………………..

အမေရိကန်စွမ်းအင်ကုမ္ပဏီ မြန်မာကနေ လက်လွတ်စပယ်ထွက်သွားတယ်လို့ ဝေဖန်ခံရ

အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron ဟာ ရတနာစီမံကိန်းအစုရှယ်ယာတွေကို စစ်ကောင်စီနဲ့ ထိုင်း PTTEP ကို ရောင်းချပြီး မြန်မာနိုင်ငံကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းဖြစ်တဲ့ ရတနာစီမံကိန်းမှာ Chevron က ရှယ်ယာ ၄၁ ရာခိုင်နှုန်းကျော်နဲ့ အများဆုံးပိုင်ဆိုင်ထားတာပါ။ အဲဒီအစုရှယ်ယာတွေကို စစ်ကောင်စီလက်အောက်မှာရှိတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ PTTEP တို့ကို လွှဲပြောင်းရောင်းချခဲ့ပါတယ်။

အခုလို MOGE ကို ရှယ်ယာတွေ ရောင်းချခဲ့တာဟာ စစ်ကောင်စီကို ရာဇဝတ်မှုတွေကျူးလွန်ဖို့ ခွင့်ပြုပေးလိုက်တာလို့ Justice for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။ Chevron ဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့အညီ ထွက်သင့်ပြီး ပြည်သူများကို တရားဝင် ချပြသင့်တယ်လို့လည်း ဆိုပါတယ်။ 

သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ကတော့ Chevron ဟာ အာဏာသိမ်းပြီး သုံးနှစ်အကြာမှ ထွက်သွားတာဖြစ်တာကြောင့် စစ်ကောင်စီရာဇဝတ်မှုကျူးလွန်ရာမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတာ ငြင်းမရနိုင်တဲ့အတွက် တာဝန်ယူရမယ်လို့ ပြောပါတယ်။ ထွက်ခွာရာမှာလည်း လုပ်ဆောင်ရမယ့် နည်းလမ်းအတိုင်းမဟုတ်ဘဲ လက်လွတ်စပယ် ထွက်သွားတာလို့ ဆိုပါတယ်။

……………………………………..

အပူချိန်စံချိန်သစ်တွေ တင်နေပြီး အပူကြောင့် ရုတ်တရက်သေဆုံးတာတွေများလာ

ပုံစာ – မန္တလေး ဈေးချိုမှာ ဧပြီလ ၉ရက်က ဈေးဝယ်နေတဲ့ အမျိုးသမီးတစ်ဦး မူးလဲလို့ ဆေးရုံပို့ဆောင်ခဲ့ရပြီး ဆေးရုံရောက်ချိန်မှာ သေဆုံးသွားခဲ့ပါတယ်။ ဓာတ်ပုံ – မဏီစလ လူမှု/နာမှု ကူညီရေးအသင်း – မန္တလေးမြို့

မြန်မာနိုင်ငံမှာ မြို့တွေ အပူချိန် စံချိန်သစ်တွေတင်ခဲ့ပြီး အပူချိန်ကြောင့် ရုတ်တရက်သေဆုံးတာတွေလည်း များလာပါတယ်။

ချောက်မြို့ဆိုရင် ၄၇ဒသမ၄ ဒီဂရီဆဲလ်စီးယက်၊ ညောင်ဦးဆိုရင် ၄၅ဒသမ ၃ ဒီဂရီဆဲလ်စီးယက်နဲ့ နှစ် ၅၀ကျော်ကာလမှာ အပူဆုံးစံချိန်တွေ တင်ခဲ့ကြပါတယ်။ ဒါ့အပြင် ဟဲဟိုး၊ လွိုင်လင်၊ သီပေါ၊ ပင်လောင်း၊ ထားဝယ်၊ မြိတ်၊ လောင်းလုံး၊ အမ်း စတဲ့ မြို့တွေလည်း အပူချိန် စံချိန်သစ်တွေ တင်ခဲ့ပါတယ်။

အပူချိန် ၄၃ ဒီဂရီဆဲလ်စီးယက်အထိရှိတဲ့ မန္တလေး၊ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယက်အထိရှိတဲ့ ရန်ကုန်တွေမှာ အပူချိန်ကြောင့် ဦးနှောက်သွေးကြောပြတ် သေဆုံးသူတွေ၊ မူးမဲ့လဲကျလို့ ဆေးရုံပို့ဆောင်ရသူ ဆယ်နဲ့ချီပြီး ရှိနေပါတယ်။ ပဲခူတိုင်း သာယာဝတီမှာဆိုရင် ထောင်ဝင်စာလာတွေ့ရင်း နိုင်ငံရေးအကျဉ်းသူတစ်ဦးရဲ့မိခင် အသက် ၆၇နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ NLD ပါတီ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်လည်း အပူရှပ်လို့ မန္တလေးအကျဉ်းထောင်ကနေ ဆေးရုံသို့ ပို့ဆောင်လိုက်ရပါတယ်။

……………………………………..

ရခိုင်မှာ သင်္ကြန်မကျင်းပဖို့ AA ပြော

ပုံစာ – ၂၀၂၃ ကျောက်တော်မြို့နယ်တွင် AA က ကျင်းပသည့် ရခိုင်သင်္ကြန်။

သင်္ကြန်ကာလမှာ တိုက်ခိုက်ခံရနိုင်တာကြောင့် ရခိုင်မှာ သင်္ကြန်ပွဲတော်တွေ မကျင်းပဖို့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ပါတယ်။

ရခိုင်မှာ စစ်ရေးပြင်းထန်နေဆဲကာလဖြစ်ပြီး စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပြည်သူတွေကို ဦးတည်ပစ်ခတ်တာတွေကို နေ့စဉ်ရက်ဆက်ပြုလုပ်နေတယ်လို့ AA က ဆိုပါတယ်။

ဒါ့ကြောင့် သင်္ကြန်ကာလအတွင်းမှာ မလိုလားအပ်တဲ့ အစုလိုက်အပြုံလိုက် အသက်သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုတွေ မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်ရတာလို့ ဖော်ပြပါတယ်။

လူစုလူဝေးနဲ့ ပျော်ပွဲရွှင်ပွဲတွေ မလုပ်ဖို့၊ တစ်ရွာနဲ့တစ်ရွာ တစ်မြို့နဲ့ တစ်မြို့ ကားတွေနဲ့ လှည့်ပြီး ရေပတ်ကစားတာတွေ မလုပ်ဖို့၊ သင်္ကြန်မဏ္ဍပ်တွေ၊ ရှိုးပွဲတွေ မလုပ်ဖို့ မေတ္တာရပ်ခံထားပါတယ်။ ဒါ့အပြင် ဘုန်းကြီးကျောင်းတွေမှာ လူစုလူဝေးနဲ့ ဥပုသ်သီလ ဆောက်တည်တာ၊ အလှူအတန်း လုပ်တာမျိုးကိုလည်း လုံးဝ မပြုလုပ်ကြဖို့ ပြောဆိုထားပါတယ်။

……………………………………..