တိုက်ခိုက်ခံရနိုင်သောကြောင့် ရခိုင်တွင်သင်္ကြန်ကာလ လူစုလူဝေးဖြင့်ပျော်ပွဲရွှင်ပွဲ မလုပ်ရန် AA ပန်ကြား

0
1367
ပုံစာ - ၂၀၂၃ ခုနှစ်က AA ကျင်းပခဲ့သည့် ကျောက်တော်မြို့နယ်က ဇီးချောင်းသင်္ကြန်။ Photo - Khine Murn Chun

ရခိုင်တွင်သင်္ကြန်ကာလ တိုက်ခိုက်ခံရမှုများရှိလာနိုင်သောကြောင့် ရေကစားခြင်း၊ လူစုလူဝေးဖြင့် ဥပုသ်သီလ ဆောက်တည်ခြင်း၊ အလှူအတန်းလုပ်ခြင်းတို့ကို မပြုလုပ်ကြရန် မေတ္တာရပ်ခံပန်ကြား‌ကြောင်း ရက္ခိုင့်တပ်တော် (AA) က ဧပြီလ ၁၁ ရက်က ထုတ်ပြန်သည်။

ရခိုင်တွင် စစ်ရေးပြင်းထန်နေဆဲကာလဖြစ်ပြီး AA သိမ်းယူထားသည့်နေရာများနှင့် သိမ်းယူရန်ကြိုးပမ်းနေသည့်နေရာများတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ဦးတည်ပစ်ခတ်ခြင်းတို့ကို နေ့စဉ်ရက်ဆက်ပြုလုပ်နေကြောင်း AA က ဆိုသည်။

ထို့ကြောင့် သင်္ကြန်ကာလအတွင်း မလိုလားအပ်သည့် အသက်အစုလိုက်အပြုံလိုက် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများ ကြိုတင်ကာကွယ်ရန် ပန်ကြားရခြင်းဖြစ်ကြောင်း ဖော်ပြသည်။

စစ်ရေးပြင်းထန်နေသည့်ကာလဖြစ်သဖြင့် သင်္ကြန်ကာလအတွင်း မြို့ပြနှင့် ကျေးလက်ဒေသများတွင် လူစုလူဝေးများ ပြုလုပ်ပြီး ပျော်ပွဲရွှင်ပွဲကြီးများ မပြုလုပ်ကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လူအများအပြား စီးနင်းလိုက်ပါလာသည့် ကားများဖြင့် မြို့ပြဒေသများ၊ တစ်မြို့နှင့်တစ်မြို့၊ တစ်ရွာနှင့် တစ်ရွာကြား ကခုန် လှည့်ပတ်ပြီး ရေကစားခြင်း မလုပ်ကြရန်၊ လူစုလူဝေးဖြစ်စေသည့် သင်္ကြန်မဏ္ဍပ်များ၊ ရှိုးပွဲများ မလုပ်ကြရန် AA က ထုတ်ပြန် ထားသည်။

ယင်းအပြင် ဘုန်းကြီးကျောင်းများတွင် လူစုလူဝေးဖြင့်၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ အလှူအတန်းများ ပြုလုပ်ခြင်း တို့ကိုလည်း လုံးဝ မပြုလုပ်ကြရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။