စစ်ကောင်စီ တိုက်လေယာဉ်များ ထိုင်းလေပိုင်နက်ထဲ ပျံသန်းခွင့်မပြုဟု ထိုင်းဝန်ကြီးချုပ်ပြော

0
3003

စစ်ကောင်စီ၏ တိုက်လေယာဉ်များ ထိုင်းလေပိုင်နက်ထဲ ပျံသန်းခွင့် မပြုကြောင်း ထိုင်းဝန်ကြီးချုပ် စေထာထဝီဆင်က ယနေ့ ပြောကြားလိုက်သည်။

ယနေ့ ဧပြီလ ၁၁ရက် နံနက်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်အရေး သတင်းထောက်များက မေးမြန်းရာတွင် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်းက ပဋိပက္ခနှင့် တိုက်ပွဲများ ထိုင်းမြေပေါ်ကို ရောက်ရှိခွင့်ပြုမည် မဟုတ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောသည်။

ထိုင်းနိုင်ငံ၏ လေပိုင်နက်ကို အသုံးပြု၍ စစ်ကောင်စီ၏ တိုက်လေယာဉ်များက ပျံသန်းမှုကိုလည်း ခွင့်ပြုလက်ခံနိုင်စရာမရှိကြောင်း ဆိုသည်။

ယင်းအတွက်လည်း ထိုင်းစစ်တပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ရှင်းရှင်းလင်းလင်း ညွှန်ကြားထားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားထားသည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသော ပဋိပက္ခနှင့် ပြဿနာများက မြန်မာပြည်တွင်းရေးသာ ဖြစ်သဖြင့် နှစ်နိုင်ငံ တင်းမာမှုများ မဖြစ်လိုကြောင်း ၎င်းက ပြောဆိုသည်။

ထိုင်းလေပိုက်နက်တွင် ကင်းလှည့်မှုများ လုပ်ဆောင်နေပြီး တိုက်ပွဲများကြောင့် ထွက်ပြေးလာသော မြန်မာဒုက္ခသည် ၁ သိန်းကိုလည်း လက်ခံသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုထားသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတော်လှန်ရေးတပ်များက ယနေ့ ဧပြီလ ၁၁ ရက်တွင် သိမ်းယူကာ မြို့ကို ထိန်းချုပ်ထားလိုက်ပြီး စစ်ကောင်စီတပ်သား ၂၀၀ ကျော်မှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားသည်။

ယင်းနောက် ယနေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီက မြဝတီမြို့အနီးဝန်းကျင်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း ပြည်တွင်း သတင်းအချို့တွင် ဖော်ြပသည်။

Ref: MGR Online, Thai PBS