မဲဆောက်ကလေယာဉ် စစ်တပ်အရာရှိများ မပါဘဲထွက်ခွာ၊ စစ်ကောင်စီက အစီအစဉ်များဖျက်သိမ်း

0
4328

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ မနေ့ (ဧပြီ ၇) ညပိုင်းက ဆင်းသက်လာသော စစ်ကောင်စီလေယာဉ်က စစ်တပ်အရာရှိများ မပါဘဲ ပြန်လည်ထွက်ခွာသွားကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။

ဒုတိယနေ့နှင့် တတိယနေ့တွင် ဆင်းသက်မည့် လေယာဉ်ခရီးစဉ်များကိုလည်း မြန်မာစစ်ကောင်စီက ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောခွင့်ရပုဂ္ဂိုလ်က ယနေ့တွင် အတည်ပြုပြောဆိုလိုက်သည်။

မြဝတီမြို့က သင်္ဃန်းညီနောင်စခန်းကို KNU နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သိမ်းပိုက်ခဲ့ပြီးနောက် ထွက်ပြေးလာသော စစ်အရာရှိများကို ပြန်ခေါ်နိုင်ရေး လေယာဉ်ဆင်းသက်ခွင့်ပြုရန် ထိုင်းအစိုးရထံသို့ စစ်ကောင်စီအဖွဲ့က တောင်းဆိုခဲ့ကြောင်း သတင်းများထွက်ပေါ်နေသည်။

ဧပြီလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ၃ ရက်ကြာ လေယာဉ်ဆင်းသက်ခွင့်ပြုရန်အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနထံသို့ စစ်ကောင်စီက တောင်းဆိုထားခြင်းဖြစ်သည်။

ယင်းနောက် ဧပြီလ ၇ ရက်နေ့ ည ၉ နာရီခွဲ အချိန်ခန့်တွင် မြန်မာစစ်ကောင်စီဘက်က လေယာဉ်သည် မဲဆောက်လေဆိပ်သို့ ဆင်းသက်ခဲ့ပြီးနောက် စစ်အရာရှိများ မပါဘဲ ပြန်ထွက်ခွာသွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ပြန်ထွက်သွားသည့် လေယာဉ်ပေါ်တွင် အရပ်သားများနှင့်ပစ္စည်းများ ပါသွားသည်ဟု သတင်းထွက်ပေါ်နေသော်လည်း အသေးစိတ်ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပေ။

မြဝတီမြို့က ထွက်ပြေးလာသော စစ်အရာရှိများနှင့် မိသားစုဝင်အားလုံး ၆၁၇ ဦးကို မြန်မာနိုင်ငံသို့ ပြန်ခေါ်နိုင်ရန် လေယာဉ်ဆင်းသက်ခွင့် တောင်းထားခြင်းဖြစ်ကြောင်း ထိုင်းသတင်းများက ရေးသားနေကြသည်။

သို့သော်ထိုင်းဝန်ကြီးချုပ်ကမူ မဲဆောက်လေဆိပ်သို့ ဆင်းသက်ခဲ့သော မြန်မာ့လေကြောင်းလိုင်း (ATR 72-600) လေယာဉ်သည် စစ်သားများနှင့် လက်နက်များ သယ်ဆောင်ရန် ရည်ရွယ်ချက်မရှိဟုဆိုသည်။

စခန်းသိမ်းခံရမှုများကြောင့် မြဝတီမြို့မှ စွန့်ခွာသွားသော စစ်ကောင်စီအရာရှိများနှင့် ဝန်ထမ်းမိသားစုဝင်များ အပါအဝင် လူ ၆၀၀ ကျော်ကို ထိုင်း-မြန်မာနယ်စပ်ရှိ BGF ထိန်းချုပ်ထားသော ရွှေကုက္ကိုမြို့သစ်သို့ ခေါ်သွားကြောင်း BBC မြန်မာပိုင်းသတင်းအရ သိရသည်။

ယင်းလူအုပ်စုသည် တာခ့်ခရိုင်ဘက်သို့ ဝင်ရန် ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် ၂ တံတားတွင် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ထိုင်းသတင်းဌာနများကလည်း ရေးသားထားသည်။

ထိုင်းဝန်ကြီးချုပ် စေ့ထာထဝီဆင်ကတော့ မြန်မာနိုင်ငံအရေး ဆွေးနွေးရန်အတွက် မနက်ဖြန် အရေးပေါ်အစည်းအဝေးခေါ်ယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြဝတီမြို့နယ် သင်္ဃန်းညီနောင်ဗျူဟာတိုက်ပွဲတွင် လက်နက်ချခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNU ကလည်း ထိန်းသိမ်းထားပြီး ၎င်းသုံ့ပန်းများ၏ ဆန္ဒမပါဘဲ စစ်ကောင်စီထံ ပြန်လွှဲပေးမည်မဟုတ်ကြောင်း KNU ပြောခွင့်ရသူ ပဒိုစောတောနီးက ပြည်တွင်းမီဒီယာတစ်ခုကို ပြောဆိုထားသည်။

ထိုင်းအာဏာပိုင်များကလည်း မြဝတီမြို့က မြန်မာနိုင်ငံသားများ ထိုင်းနယ်စပ်သို့ ထွက်ပြေးလာနိုင်သဖြင့် နယ်စပ်တစ်လျှောက်တင်းကြပ်ထားရန် ညွှန်ကြားထားကြောင်း၊ ယနေ့နေ့လယ်ပိုင်းအထိ ချစ်ကြည်ရေး တံတားများပေါ်က နယ်စပ်ဖြတ်သန်းခွင့်နှင့် ကုန်စည်စီးဆင်းမှုများမှာ ပုံမှန်ဖြစ်နေသေးကြောင်း ထိုင်းဘက်က ထုတ်ပြန်ထားသည်။

Ref: Thai PBS, Bangkok Post, Thai Enquirer