ကလိန်အောင်နှင့် ကံပေါက်တွင် ဒေသခံ ၁၀ကျော်ဖမ်းဆီးခံရ

0
608

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နှင့် ကံပေါက်တို့တွင် ဒေသခံ ၁၂ ဦးကို စစ်ကောင်စီတပ်က နေအိမ်များသို့ ဝင်ရောက်ရှာဖွေပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံများက ပြောသည်။

ကလိန်အောင်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် မတ် ၂၉ ရက်ညက ဒေသခံအမျိုးသားခုနစ်ဦးနှင့် အမျိုးသမီးလေးဦးတို့ ဖမ်းဆီးခံရကြောင်း မြို့ခံများက ပြောသည်။

ကလိန်အောင်မြို့ အမှတ် (၂) ရပ်ကွက်က ကိုဦးနှင့် ဇနီးဖြစ်သူ မဒိုင်း၊ မိကျောင်းလှောင်ရွာသစ်က ကိုကျော်သူထွေးနှင့်ဇနီး၊ ကျောက်ရှပ်ရွာ အုပ်ချုပ်ရေးမှူး ဦးမောင်စိုးနှင့် နောက်ထပ်ဒေသခံ ခြောက်ဦး ဖမ်းဆီးခံရကြောင်း မြို့ခံတို့က ဆိုသည်။

“စစ်တပ်က မြေတင်ကား နှစ်စီးနဲ့ ၂၉ ရက်ညက ကလိန်အောင်မြို့ထဲ ပတ်ရှာနေကြတာပဲ။ ပါသွားလူတွေသတင်းက နောက်ရက်တွေမှ သိရတယ်” ဟု ကလိန်အောင်မြို့ခံတစ်ဦးက ပြောသည်။

အဖမ်းခံရသူများအနက် ကျောက်ရှပ်ရွာအုပ်ချုပ်ရေးမှူးနှင့် မိကျောင်းလှောင်ရွာက ကိုကျော်သူထွေးတို့ ဇနီးမောင်နှံသည် ၂၀၂၃ ခုနှစ်ကလည်း စစ်ကောင်စီတပ်၏ ခေါ်ယူစစ်ဆေးခံရဖူးသူများဖြစ်ကြသည်။

ဖမ်းဆီးခံထားရသည့် ကလိန်အောင်မြို့က ဒေသခံအားလုံး ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း မြို့ခံတို့ထံမှ သိရသည်။

အလားတူ မတ်လ ၂၉ ရက်ညတွင်ပင် ကံပေါက်ရွာ၊ မဂ္ဂင်ရပ်ကွက်၊ ဘောလုံးကွင်းအရှေ့ဘက်တွင်နေထိုင်သူ ဦးမင်းလွင်ဦးကို မောရဝတီရေတပ်က ကားနှစ်စီးဖြင့် လာရောက်ဖမ်းဆီးသွားကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

ဦးမင်းလွင်ဦးသည် ဇောတိက-ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်း၏ ယာဥ်မောင်းဝန်ထမ်းတစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီလက အဖမ်းခံရသည့် ယင်းစီမံကိန်း၏ ယာဥ်မောင်းဝန်ထမ်းဖြစ်သူ ကိုနိုင်နှင့် ဆက်စပ်၍ အဖမ်းခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံတို့က ဆိုသည်။

ကိုနိုင်ကိုမူ မတ်လ နောက်ဆုံးအပတ်က ရေဖြူအချူပ်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။

ကံပေါက်ဒေသအေခြစိုက် မောရဝတီရေတပ်တွင် အဖမ်းခံထားရသည့် ဒေသခံ ၁၀ ဦးအနက်ငါးဦးကို မတ်လ တတိယ အပတ်နှင့် နောက်ဆုံးအပတ်တို့တွင် ထားဝယ်ထောင်နှင့် ရေဖြူရဲစခန်းအချုပ်များသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း စုံစမ်း သိရသည်။